သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဂုံစီးတီး စီမံကိန်း ရပ်ဆိုင်းမည်


ရွှေတိဂုံစေတီတော်။
ရွှေတိဂုံစေတီတော်။

ရွှေတိဂုံစေတီတော်ကို ထိခိုက်မယ့်အန္တရာယ်တွေနဲ့ကြုံနိုင်တာမို့ သံဃာတော်တွေနဲ့ဖွဲ့စည်းထားတဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကန့်ကွက်ခဲ့တာကြောင့်ရွှေတိဂုံစေတီအနီး ဆောက်လက်စ ဒဂုံစီးတီးစီမံကိန်းကိုရပ်ဆိုင်းပေးမယ်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေက ဇွန်လ ၂၀ ရက် စနေနေ့မှာ ကတိပေးလိုက်ပါတယ်။ ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ လွှတ်တော်အမတ်တချို့က ရန်ကုန်တိုင်းလွှတ်တော်မှာ ဒီလဆန်းပိုင်းက အဆိုတင်သွင်းခဲ့ပေမယ့် ပယ်ချခံရအပြီး သံဃာတော်တွေက ထပ်မံတောင်းဆိုခဲ့တာကြောင့် ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ ဖြစ်လာရတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံစေတီဘုရားလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းကြားက တပ်မတော်စစ်ရုံးချုပ်ပိုင် ဧက ၈၀ လောက်ရှိတဲ့မြေကို ဒဂုံစီးတီးစီမံကိန်း တည်ဆောက်ဖို့ စစ်တပ်က ငှားရမ်းထားတာဖြစ်ပါတယ်။ အကယ်၍ အဲဒီနေရာမှာ အဆောက်အဦကြီးတွေတည်ဆောက်ဖို့ ပြင်ဆင်လာမယ်ဆိုရင် ရွှေတိဂုံစေတီတော်ရဲ့အောက်ခံမြေကြီးအတွက် အန္တရာယ်ရှိလာနိုင်တာမို့ ပညာရှင်တွေက ဆွေးနွေးတင်ပြလာတဲ့အပေါ် ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ရန်ကုန်တိုင်းလွှတ်တော်အတွင်း ဒီလဆန်းပိုင်းမှာ အဆိုတရပ်တင်ခဲ့ပေမယ့် အဲဒီအဆိုကို ပယ်ချခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်း တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

“ရွှေတိဂုံကိုကာကွယ်ပါ-ဆိုတဲ့ဆွေးနွေးပွဲကြီးတခုပေါ့နော်၊ ပြီးခဲ့တဲ့လက လုပ်ခဲ့တယ်။ လုပ်တော့ ရွှေတိဂုံကုန်းတော်မှာ - သိင်္ဂုတ္တရ ကုန်းတော်ကြီးက သဲဆန်တဲ့ဂဝံမြေနဲ့ ကုန်းတော်ပေါ်မှာ ဒီဘုရားကြီးက တည်ရှိတာပေါ့နော်၊ အဲဒီတော့ ဘုရားကြီးရဲ့အောက်မှာ ရေကြောတွေ၊ အဲဒီသဘာဝရေကြောတွေက ဘုရားပတ်ဝန်းကျင်မှာလုပ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းအသီးသီးတွေကြောင့် အောက်မှာရှိတဲ့ ရေကြော၊ မြေကြောတွေ ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ ပညာရှင်တွေရဲ့ခန့်မှန်းချက်က အတိအလင်း ပေါ်ထွက်လာတယ်ပေါ့၊ အဲဒါကြောင့်မို့လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကာကွယ်ဖို့အတွက် လွှတ်တော်မှာတင်တဲ့အဆိုက… ကာကွယ်စောင့်ရှောက်ဖို့ ဥပဒေရေးပေးဖို့ အဆိုပေါ့၊ အဲဒါလည်းရှုံးတယ်။”

အခုလို အဆိုရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရွှေတိဂုံစေတီတော် ရင်ဆိုင်ရမယ့် အန္တရာယ်အတွက် စိုးရိမ်နေကြတဲ့ သံဃာတော်တွေက ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ထပ်မံကန့်ကွက်တောင်းဆိုလာကြပါတယ်။ ဇွန်လ ၂၀ မနေ့ကတော့ သံဃာတော်တွေအများစုနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ရန်ကုန်တိုင်းအစိုးရ နယ်စပ်ရေးရာနဲ့လုံခြုံရေး (နယ်/လုံ) ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဖိတ်ကြားတွေ့ဆုံပြီး ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းသွားမယ့်အကြောင်း နှုတ်ကတိပေးခဲ့တယ်လို့ ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

“ရွှေတိဂုံကာကွယ်ရေးစောင့်ရှောက်အသင်းဆိုတာ ဖွဲ့ထားတယ်လေ။ အဲဒီ ရွှေတိဂုံကာကွယ်စောင့်ရှောက်ရေးအသင်းက ဘုန်းဘုန်းတွေ ပါတာပေါ့။ ဖြစ်ချင်တော့ ကျမအဆိုက ရန်ကုန်တိုင်းမှာ ရှုံးသွားတဲ့အခါကျတော့ သိနေတဲ့ဘုန်းဘုန်းတွေက ကျမကို ဖုန်းဆက်ပြီးတော့ မေးတယ်လေ၊ ဘာလို့ ဒီလိုဖြစ်တာလဲဆိုတာ။ ဒီလိုပဲဘုန်းဘုန်းရေ- ရန်ကုန်တိုင်းလွှတ်တော်ကတော့ ပယ်ချလိုက်ပါတယ်၊ ဒါကို ဆွေးနွေးလို့မရပါဘူး-လို့ ပြောတော့ - အဲဒါဆို တို့တွေ ညီလာခံအကြီးကြီးလုပ်မယ်-ဆိုပြီးတော့ ဘုန်းဘုန်းတွေက ၁၇ ရက်၊ ၁၈ ရက်ထင်တယ်။ လုပ်ကြတယ်၊ လုပ်ကြတဲ့အခါကျတော့ တော်တော်လေး လူတွေကြားထဲမှာ သိသွားတာပေါ့။ အဲလိုဖြစ်သွားတဲ့အချိန်မှာ နယ်လုံပေါ့နော်၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးပေါ့နော်၊ အင်းစိန်ကျောင်းမှာတွေ့တယ်။ တွေ့ကြပြီးတော့ ရန်ကုန်တိုင်း၊ တိုင်းမှူးနဲ့ ရန်ကုန်တိုင်းနယ်လုံဝန်ကြီးတွေက ဘုန်းဘုန်းတို့ကို ကတိပြုလိုက်တယ်လို့ပြောတယ်။ ၁၅ ရက်နေ့အတွင်းမှာ သူတို့ ရပ်ဆိုင်းတဲ့စာထုတ်ပေးမယ်ဆိုပြီးတော့ ပြောတယ်တဲ့။ အဲဒီတော့ ကျမ ဆက်ကြည့်ရမှာပေါ့လေ၊ တကယ်ထုတ်ပေးလား၊ မထုတ်ပေးလားဆိုတာ။”

ရွှေတိဂုံစေတီတော်ဟာ တကယ်တော့ မြန်မာနိုင်ငံအတွက်ရော ကမ္ဘာမှာပါ အထင်ကရဖြစ်တာကြောင့် ဘာသာရေးအတွက်ရော သမိုင်းဆိုင်ရာ အမွေအနှစ်အတွက်ပါ တန်ဖိုးထား ထိန်းသိမ်းဖို့လိုတယ်လို့ ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

“ရွှေတိဂုံဘုရားဆိုတာ တကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ တကယ့်အထွဋ်အမြတ်လည်းဖြစ်တယ်။ နောက်ပြီးတော့ အဲဒီမြေနေရာက သဲဆန်တဲ့မြေလို့ ပြောတယ်။ သဲဆန်တဲ့မြေဆိုတော့ အောက်မှာ ရေကြောရှိတယ်။ ဒီနေရာမှာ .အနက်ကြီးရိုက်ပြီးတော့ အဆောက်အဦးဆောက်လိုက်ရင် အဲဒီရေကြောပြောင်းသွားပြီးတော့ ရေကြောက ရွှေတိဂုံဘုရားရဲ့ကုန်းကို သွားထိုးမိရင် မြေသားပျော့ပြီးတော့ အန္တရာယ်ရှိတယ်ဆိုပြီးတော့ ပညာရှင်တွေကလည်း အဲဒိလို သုံးသပ်ကြတယ်။ အဲဒါကြောင့် ကန့်ကွက်ကြတယ်။ ရွှေတိဂုံဘုရား ထိခိုက်တဲ့ဟာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး။”

အခုလို အရပ်ဆိုင်းခံရတော့မယ်ဆိုတဲ့ ဒဂုံစီးတီးစီမံကိန်းဟာ အများက ဝေဖန်ထောက်ပြနေသလို တကယ်တမ်းမှာ အန္တရာယ်မရှိနိုင်ဘူးလို့ ဒဂုံစီးတီးစီမံကိန်း တာဝန်ရှိသူတွေက မကြာသေးမီက ပြန်လည်ရှင်းလင်းတာမျိုး ရှိခဲ့ပါတယ်။

XS
SM
MD
LG