သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် ဇွန်လကုန် မြန်မာပြည်လာရောက်မည်


ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)
ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာမယ့် ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ လာရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်အတွက် ကြိုတင်ညှိုနှိုင်းမှုတွေလည်း ရှိနေပြီလို့ စစ်ကောင်စီက ပြောပါတယ်။ ရန်ကုန်သတင်း ပေးပို့ထားပါတယ်။

ဒီ (၂) ရက်တာခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ အဓိကထား ဆောင်ရွက်နိုင်ဖွယ်ရှိနေပြီး လက်ရှိအချိန်မှာ သူ့ရှေ့ပြေး အလုပ်အဖွဲ့တွေဘက်က စစ်ကောင်စီဘက်နဲ့ ဒီအချက်တွေကို ကြိုတင်ဆွေးနွေးမှုတွေ လုပ်နေပြီလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မှန်တယ် ဒီလထဲလာဖို့ ရှိပါတယ်။ မနေ့ကတင် အထူးကိုယ်စားလှယ်ရဲ့ ရုံးအဖွဲ့ခေါင်းဆောင် သူတို့ဆီက ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအဆင့်ရှိသူ လာရောက်နေပါတယ်။ လာရောက်နေတာမှာ ကြိုတင်ပဏာမ ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ ဒါအစိုးရအနေနဲ့ ဒီမိုကရေစီသာယာဝပြောရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးနေတာတွေ၊ နောက် အာဆီယံ တူညီ ဆန္ဒ (၅) ချက် ဖော်ဆောင်ရေးမှာ သိသာထင်ရှားအောင် ဆောင်ရွက်နေတာတွေ၊ နိုင်ငံရဲ့ပြည်တွင်းရေးဖြစ်ပြီး၊ ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်အနေနဲ့ ပုံဖော်တာမလုပ်ဖို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ နောက် လူသားချင်းစာနာထောက်ထားမှု ဖြန့်ဝေခြင်းကိစ္စတွေနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ နောက်ပံ့ပိုးကူညီမှာတွေ အတွင်းရေးမှုးချုပ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာတွေနဲ့ ပတ်သတ်လို့ ရှင်းလင်းပြောခဲ့ပါတယ်။”

အခုရောက်နေတဲ့ ကမ္ဘောဒီးယားသံတမန်အဖွဲ့ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း ဇွန်လ (၅) ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့အကျပ်အတည်းကို အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းဖို့နဲ့ ဖယ်ကြဉ်ထားတာမျိုးတွေ မလုပ်ဖို့ တိုက်တွန်းမယ့် သဘောထားမျိုး ကမ္ဘောဒီးယားဘက်က ဖော်ပြခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်နှိပ်ကွပ်မှုတွေဖြစ်ခဲ့ပြီး၊ ဒီအပေါ်မှာ အာဆီယံအသင်းက စိုးရိမ်ပူပင်ပြီး မြန်မာ့အရေး ညှိုနှိုင်းခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီအကြီးအကဲကိုယ်တိုင် တတ်ရောက်တဲ့ အဲဒီ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့ပေမယ့်၊ မြန်မာနိုင်ငံဘက်က ဒါတွေကို လိုက်နာခြင်း မရှိဘူးလို့ အာဆီယံဘက်က ယူဆနေပါတယ်။ ဒီအတွက်လည်း အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အရေးပါတဲ့အစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုမှုကို ချန်လှပ်ထားပါတယ်။ ကမ္ဘောဒီယားနိုင်ငံကတော့ မြန်မာစစ်ကောင်စီအပေါ် သဘောထား ပျော့ပျော့ပြောင်းပြောင်းရှိပြီး၊ စစ်ကောင်စီနဲ့ ကျန်အာဆီယံနိုင်ငံတွေအကြား ညိနှိုင်းဖို့ ကြိုးစားပါတယ်။ ပြီးခဲ့တဲ့တခေါက် အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်က ပန်ကြားခဲ့ပေမယ့်၊ မြန်မာစစ်ကောင်စီကတော့ လက်မခံခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိတရားရင်ဆိုင်နေရဆဲမို့ အာဆီယံကိုယ်စားလှယ်ရဲ့ အခု ဒုတိယခေါက်ခရီးစဉ်မှာလည်း တွေ့ခွင့်ပေးဖို့ မရှိဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် အာဆီယံအထူးသံရဲ့ အခု ခရီးစဉ်အတွင်း လက်ရှိစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အစီအစဉ်မှာ ပါဝင်ခွင့်ရနိုင်ဖွယ် ရှိတယ်လို့ သူကပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရှည်ကြာနေတဲ့ ပဋိပက္ခတွေသည် အရင်ထဲကအတိုင်း လက်နက်ကိုင် ပဋိပက္ခတွေသည် EAO တွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးသည် အဓိကဖြစ်တယ်။ အဲလိုချုပ်ငြိမ်းဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်နေတာလည်း အမြင်ပဲ ဖြစ်တယ်။ အခုအချိန်မှာ (၅) ဖွဲ့နဲ့ဆွေးနွေးပြီးပြီ နောက်တကြိမ်မှာ (၅) ဖွဲ့နဲ့ ဆွေးနွေးမှာဖြစ်တယ်။ ဒီလုပ်ငန်းတွေမှာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ပါဝင်ဆောင်ရွက်ချင်တယ်ဆိုရင် ပါဝင်ဆောင်ရွက်နိုင်ဖို့ တွေ့ဆုံနိုင်ဖို့ ကျနော်တို့စီစဉ်ပေးမှာ ဖြစ်တယ်။ ”

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့လကနေစပြီး ငြိမ်းချမ်းရေးကမ်းလှမ်းမှုအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့က ဆွေးနွေးဖို့ သဘောတူလက်ခံထားတာမို့ စတင်တွေ့ဆုံမှုတွေ လုပ်နေတာဖြစ်ပြီး၊ အဖွဲ့ (၅) ဖွဲ့နဲ့ တွေ့ဆုံပြီးဖြစ်ကာ၊ နောက်ထပ် (၅) ဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ကျန်ရှိနေပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိုနှိုင်းတာတွေဟာ အာဆီယံ ဘုံသဘောတူညီချက်ပါ အတိုင်းလုပ်တာ ဖြစ်တဲ့အကြောင်း အာဆီယံနိုင်ငံတွေကို တင်ပြခဲ့တယ်လို့လည်း စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လဲ လက်ရှိနိုင်ငံရေးပြဿနာမှာ အဓိကရှိနေတဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေ အဖွဲ့အစည်းတွေနဲ့တော့ ညှိုနှိုင်းဖို့ မလုပ်နိုင်ဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်ငြင်းပယ်ခဲ့ပါတယ်။

“တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရွေးကောက်ပွဲ မဲမသမာမှုတွေ စဖြစ်ထဲက ကျတော်တို့ တောင်းဆိုခဲ့တယ်။ တောင်းဆိုတာ နောက်ဆုံးတောင်းဆိုတာ ရှင်းရှင်းလေးရယ် မဲမသမာမှုတွေကို စစ်ဆေးပေးဖို့ စစ်ဆေးနေချိန်မှာ ခေတ္တလွှတ်တော်မခေါ်ယူဘဲ၊ ရပ်ဆိုင်းထားပေးပါ။ စစ်ဆေးတာမှာလည်း တဖက်သတ် တောင်းဆိုတာ မရှိဘူး။ ဒီအဖွဲ့မှာ ရွေးကောက်ခံကိုယ်စားလှယ် တပ်မတော်ကိုယ်စားလှယ်နဲ့ ကြားနေအဖွဲ့တွေနဲ့ မျှမျှတတ စစ်ဆေးပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ဒါတွေလစ်လျူရှုထားပြီး ဖေဖော်ဝါရီ (၁) ရက်နေ့မှာ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေလုပ်တဲ့ နောက်ပိုင်းမှာမှ လွှတ်တော်အမတ်တွေကို ဖေဖော်ဝါရီလ ၂ ရက် ၃ ရက် ၄ ရက်နေ့မှာ နေပြည်တော်စည်ပင်ရိပ်သာမှာ တာဝန်ရှိသူတွေကတွေ့ပြီး ဥပဒေအရဖြေရှင်းဖို့ ပြန်လွှတ်ခဲ့တယ်။ အဲနောက်ပိုင်းမှာမှ လှုံဆော်မှုတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ဒါတွေလုပ်ဆောင်ပြီးမှ အကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ ကြေငြာပြီးဖြစ်တယ်။ အဲဒီအချိန်ကျမှ ဆွေးနွေးပါဆိုတာ ဖြစ်နိုင်စရာနည်းလမ်း မရှိပါဘူးဗျ။”

နိုင်ငံရေးအကဲခတ်တချို့ကတော့ လက်ရှိ အာဆီယံချဉ်းကပ်ပုံနဲ့ စစ်ကောင်စီရဲ့သဘောထားတွေအရ မြန်မာအရေးဖြေရှင်းဖို့ အာဆီယံအနေနဲ့ မစွမ်းဆောင်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တာရှိပြီး၊ အဲဒီအချိန်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရသလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း မတွေ့ဆုံနိုင်ခဲ့ပါဘူး။ ဒီတခေါက်မှာ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ တွေ့ဆုံနိုင်ချေရှိသလို၊ အဓိကအားဖြင့်တော့ အာဆီယံက ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှု အထောက်အပံ့ကိစ္စတွေ ရှေ့ဆက်နိုင်ရေး ဆွေးနွေးဖွယ် ရှိနေပါတယ်။

=== Unicode ===










XS
SM
MD
LG