ထိုင်းနိုင်ငံတောင်ပိုင်း စထွန်း (Satun) ပြည်နယ် ကော့လိုင်ပီကျွန်းအနောက်ဘက် (၈) မိုင်အကွာမှာ ရိုဟင်ဂျာ (၆၀) နီးပါးကို ဇွန်လ (၅) ရက်နေ့က ထိုင်းရေတပ်အမှတ် (၄၉၁) ကဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ်နဲ့နီးတဲ့ စထွန်းပြည်နယ် ကော့လိုင်ပီကျွန်း အနောက်ဖက် (၈) မိုင်အကွာမှာ၊ ရိုဟင်ဂျာ (၆၀) နီးပါး ရောက်ရှိနေတာကို ဒေသခံကျေးရွာသားတွေက သတင်းပို့တဲ့အတွက် ထိုင်းရေတပ်အမှတ် (၄၉၁) က သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ ရိုဟင်ဂျာအမျိုးသား (၃၁) ဦး၊ အမျိုးသမီး (၂၃) ဦး၊ ကလေး (၅) ဦးကို စထွန်းပြည်နယ် ရေတပ်ကို ခေါ်ဆောင်ပြီး စစ်ဆေးမူတွေ လုပ်ခဲ့ပါတယ်။ သူတို့ိတွေဟာ လူပွဲစားတွေနဲ့အတူ စက်လှေ (၃) စီးနဲ့ ထွက်လာတာဖြစ်ပြီး၊ မလေးရှားအထိအရောက် လူပွဲစားတွေကို တဦးကို ဘတ်ငွေ (၄) သောင်းထိ ပေးလာခဲ့ရတာပါ။ သူတို့ကို လူပွဲစားတွေက မလေးရှားရောက်ပြီဆိုပြီး ထိုင်းနိုင်ငံရဲ့ ကော့လိုင်ပီကျွန်းမှာ လူပွဲစားတွေက လာရောက်စွန့်ပစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ကို လာရောက်စွန့်ပစ်သွားတာ တပတ်ခန့်ကြာ့ပြီ ဖြစ်တာမို့ ထိုင်းရေတပ်က တွေ့ရှိချိန်မှာ သူတို့ဟာအစာရေစာပြတ်ပြီး အားအင်ချိနဲ့နေကြတယ်လို့လည်းဆိုပါတယ်
ဖမ်းးမိသူတွေကို ထိုင်းဒုရဲချုပ် ဆူရချေ့ဟတ်ဖန်ကိုယ်တိုင် ဒီကနေ့မနက်မှာ လာရောက်စစ်ဆေးခဲ့ပြီး ထိုင်းဘာသာနဲ့ အခုလို ရှင်းလင်းပြောသွားပါတယ်။
ရိုဟင်ဂျာအားလုံး (၅၉) ယောက်ပါ လှေသုံးစင်းနဲ့ ထွက်လာကြတုန်းကတော့ လူ (၁၀၀) ကျော်ပါပါတယ် မြန်မာနိုင်ငံကနေ ထွက်လာပြီး သူတို့တွေဟာ ဘင်္ဂလားဒေရှ်ကို ဝင်လို့မရလို မလေးရှားကို ဆက်ထွက်လာကြပါတယ်။ မလေးရှားအဝင်မှာ လှေ (၃) စီးထဲက၊ လှေ (၂) စီးက အဖမ်ဆီးခံလိုက်ရတဲ့အတွက် အခု နောက်ဆုံးလှေပေါ်က ပါလာတဲ့သူတွေကို လူကုန်ကူးသူတွေက ထိုင်းနယ်မြေထဲမှာ လာရောက်စွန့်ပစ်သွာတာ ဖြစ်ပါတယ်ဆိုပြီး ပြောဆိုသွားတာပါ။
ထိုင်းနိုင်ငံထဲမှာ အခုလို လှေစီးပြေးရိုဟင်ဂျာဒုက္ခသည်တွေကို မကြာခဏ ဖမ်ဆီးမိတာတွေ ရှိပါတယ် ရိုဟင်ဂျာတွေဟာ ထိုင်းနယ်စပ်ကတဆင့် မလေးရှားကိုသွားဖို့ ကြိုးစားကြတာတွေ တချို့ကတော့ လူကုန်ကူးသူတွေက ထိုင်းရေပိုင်နက်တွေမှာ စွန့်ပစ်သွားကြတာတွေ ရှိတဲ့အတွက် ၂၀၂၁ ခုနှစ်ထဲမှာတော့ ထိုင်းနိုင်ငံထဲမှာ ရိုဟင်ဂျာ (၂၀၀၀) နီးပါးလောက် ဖမ်းဆီးခံရတယ်လို့လည်း လူအခွင့်အရေးအဖွဲ့အစည်းတွေက ပြောဆိုခဲ့ပါတယ်။
== Unicode ===