သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချားလ်စ်ဘုရင်ကို အခမ်းအနားနဲ့ တရားဝင်တင်မြှောက်


BRITAIN-ROYALS/QUEEN-KING-PROCLAMATION
BRITAIN-ROYALS/QUEEN-KING-PROCLAMATION

ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက် ကွယ်လွန်သွားပြီးတဲ့နောက် တတိယမြောက် ချားလ်စ်ဘုရင်ကို ဒီကနေ့ လန်ဒန်မြို့က စိန့်ဂျိမ်းစ် နန်းတော်မှာ အခမ်းအနားနဲ့ တရားဝင် တင်မြှောက်လိုက်ပါတယ်။

ဘုရင်မကြီး အဲလိဇဘက် ကြာသာပတေးနေ့က ကွယ်လွန်ခဲ့ချိန်ကတည်းက သားတော်အိမ်ရှေ့စံ ချားလ်စ် မင်းသားဟာ အလိုအလျှောက် ဘုရင်ဖြစ်လာပြီး၊ တတိယမြောက် ချားလစ်ဘုရင် ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားကတော့ ထုံးတမ်းစဉ်လာအတိုင်း ဘုရင်အဖြစ် တရားဝင် တင်မြှောက်ပေးရတဲ့ ကောင်စီရှေ့မှောက်မှာ အတည်ပြုတာဖြစ်ပြီး သားဖြစ်သူ William, ကြင်ယာတော် Camila နဲ့ ဝန်ကြီးချုပ် Liz Truss တို့နဲ့အတူ လက်မှတ်ရေးထိုး ခံယူခဲ့တာ ဖြစ်ပါတယ်။ ဒီစနေနေ့ နန်းတက်ပွဲ အခမ်းအနားကို ပထမဆုံးအနေနဲ့ ပြည်သူများကို ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

တတိယမြောက် ချားလစ် ဘုရင်နန်းတက်ပွဲအတွက် တော်ဝင်ဂုဏ်ပြုတပ်ဖွဲ့က လန်ဒန်မျှော်စင်ကနေ သေနတ် (၆၂) ချက် ပစ်ဖေါက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

ဘုရင်အဖြစ်နဲ့ ပထမဆုံးအကြိမ် ပြည်သူကိုပြောကြားခဲ့တဲ့ သောကြာနေ့မိန့်ခွန်းမှာတော့ သူက ကွယ်လွန်သူမိခင် အဲလိဇဘက်ဘုရင်မကြီးကို ချစ်သောမိခင်လို့ခေါ်ပြီး ဂါရဝပြုခဲ့တာပါ။ အသက် (၉၆) နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီး အဲလိစ်ဇဘက်ဟာ နန်းသက် အနှစ် (၇၀) အုပ်ချုပ်ခဲ့တာကြောင့် Charles မင်းသားဟာ အသက် (၇၃) နှစ်ရောက်မှ ထီးနန်းဆက်ခံရတဲ့ အသက်အကြီးဆုံး နန်းတက်သူ ဖြစ်ပါတယ်။

သူဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်တာ (၃) ရက်ပဲ ရှိသေးတဲ့ ဝန်ကြီးချုပ် Liz Truss နဲ့အတူ သောကြာနေ့က Buckingham နန်းတော်ရှေ့မှာ ပထမဆုံးအကြိမ်အဖြစ် လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘုရင်မကြီး အဲလိစ်ဇဘက်ရဲ့ ဈာပနအခမ်းအနားကိုတော့ လန်ဒန် Westminster Abbey မှာ မကြာခင်ရက်တွေအတွင်း ကျင်းပမှာဖြစ်ပြီး အဲဒီနေ့ကို အများပြည်သူ အားလပ်ရက်ဖြစ်တဲ့ နိုင်ငံတော်အောက်မေ့ဘွယ် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

=== Unicode ===







XS
SM
MD
LG