သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်တဝိုက် စစ်ကောင်စီ နယ်မြေရှင်းလင်း


စစ်ကိုင်းတိုင်းနဲ့ ယင်းမာပင်မြို့ တိုက်ပွဲတွေရှိတဲ့ မြောက်နုံး၊ ကံသာနဲ့လက်ပံတောရွာများ ။ Sagaing and Yinmarbin (Credit to MIMU)
စစ်ကိုင်းတိုင်းနဲ့ ယင်းမာပင်မြို့ တိုက်ပွဲတွေရှိတဲ့ မြောက်နုံး၊ ကံသာနဲ့လက်ပံတောရွာများ ။ Sagaing and Yinmarbin (Credit to MIMU)

စစ်ကောင်စီက စစ်ကိုင်းတိုင်း ကနီနဲ့ ယင်းမာပင်ဒေသတဝိုက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ ကနီမြို့နယ် မုံရွာ ယာကြီး- ကလေးဝလမ်းပိုင်း ချောင်းမရွာအနီးမှတော့ာ ရုပ်အလောင်း ၅ လောင်း တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ကနီမြို့နယ်ထဲက အခြေအနေတွေကို မဆုမွန်က ပြောပြပါမယ်။

သြဂုတ်လလယ်ကတည်းက စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ သြဂုတ် ၂၇ ရက် စနေနေ့ မနက်ပိုင်းမှာတော့ ချောင်းမကျေးရွာအနီး မုံရွာ ယာကြီး ကလေးဝလမ်းပိုင်းမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်းကို တွေ့ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“၅ လောင်းက ဒီကနေ့ မနက်ခင်းမှ တွေ့တာ၊ ဒီကနေ့ မနက်ခင်း စစ်ကောင်စီတွေ ထွက်သွားပြီးတော့မှ တွေ့တာ။ အသတ်ခံရတဲ့သူတွေက အမျိုးသား ၅ ယောက်ပေါ့ခင်ဗျာ။ သေဆုံးတဲ့သူတွေကို ကြည့်ရတဲ့ အနေအထားကတော့ လက်တွေမှာ ကြိုးတုပ်ထားတာတွေ ရှိတယ်။ နေရာအနှံ့အပြားမှာ ဒဏ်ရာတွေ ရှိတယ်။ ဓာတ်ဆီတွေ လောင်းပြီးတော့ မီးရှို့ထားတဲ့အနေအထား ရှိတယ်။”

စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်ကနေ ကနီမြို့နယ်ထဲကို မုံရွာ-ယာကြီး-ကလေးဝ လမ်းအတိုင်း နယ်မြေရှင်းလင်းရေးဆောင်ရွက် နေတာ ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အခု သေဆုံးတဲ့သူတွေဟာလည်း သြဂုတ် ၂၇ ရက်က တိုက်ပွဲမှာ ကျဆုံးသွားသူတွေဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲလည်းဖြစ်တယ်။ မနေ့က ကျွန်တော်တို့ ရဲဘော် ၃ ယောက်ကျတယ်။ ယင်းမာပင်ဘက်က ၂ ယောက်ကျတယ်။ ကာကွယ်ရေးအဖွဲ့ကပဲ ၅ လောင်းစလုံး ကာကွယ်ရေး အဖွဲ့တွေကပဲ။”

စစ်ကောင်စီတပ် ဇီးပင်တွင်းကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာချိန်မှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ကျဆုံးခဲ့တာလို့လည်းပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းကနေတဆင့် ယင်းမာပင် ကနီကားလမ်း တလျှောက်က ကျေးရွာတွေကို နယ်မြေရှင်းလင်းတာတွေ လုပ်နေပြီး ဒေသတွင်း ကျေးရွာတော်တော်များများက ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကနီနယ်ထဲကို အခု သြဂုတ်လအလယ်လောက်ကစလို့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတာဖြစ်ပြီး၊ ဒေသခံ ၈ ဦးထက်မနည်းလည်း သတ်ဖြတ်ခံထားရတာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကနီမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နေအိမ်တွေမီးရှို့ခံရပြီး အရပ်သား အသတ်ဖြတ်ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

===Unicode ====










XS
SM
MD
LG