ဥရောပတလွှား အပူချိန် မြင့်တက်လာတာကြောင့် အာဏာပိုင်တွေက သတိပေးနေကြချိန်မှာ စနေနေ့က စပိန်မှာ တောမီးလောင်ခဲ့တဲ့အတွက် လူထောင်ပေါင်းများစွာကို နေအိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။
အပူချိန် ၁၁၄ ဒီဂရီ ဖာရင်ဟိုက်အထိ ရောက်အောင် အပူချိန်မြင့်မားတဲ့ နေ့ရက်တွေ ကြုံခဲ့ရပြီးတဲ့နောက် အခုလို တောမီးလောင်ခဲ့တာပါ။ တစ်ပတ်နီးနီး ကြာခဲ့တဲ့ အပူချိန်မြင့်မားမှုကြောင့် အပူနဲ့ ဆက်နွယ်ပြီး ကွယ်လွန်သူ ၃၆၀ ရှိခဲ့တယ်လို့ Carlos III ကျန်းမာရေး အင်စတီကျု ရဲ့ စာရင်းတွေက ပြောပါတယ်။
ဥရောပမြောက်ပိုင်းက ကမ္ဘာလှည် ခရီးသည်တွေကြားမှာ ထင်ရှားတဲ့ စပိန်နိုင်ငံမြောက်ပိုင်းက Malaga ပြည်နယ်မှာ မီးသတ်သမားတွေဟာ တောမီးကို အနိုင်နိုင်ငြိမ်းသတ်နေကြရတာ ဖြစ်ပါတယ်။ Mijas မြို့က လူ ၃၀၀၀ ကျော်ကို ရွှေပြောင်းပေးခဲ့ကြရပါတယ်။ တော်တော်များများက အားကစားရုံတွေမှာ ခိုလှုံနေကြရပါတယ်။
ပေါ်တူဏီ နယ်စပ်က စပိန်နိုင်ငံ Extremadura ဒေသက တချို့ဒေသမှာလည်း တောမီးလောင်ခဲ့ပြီး၊ မီးငြိမ်းသတ်ဖို့ စပိန်စစ်တပ်ရဲ့ အရေးပေါ်တပ်ဖွဲ့ကို ချထားခဲ့ရပြီး ရဟတ်ယာဉ်နဲ့ ရေဖျန်း ချနေရပါတယ်။ မီးဟာ ဟက်တာ ဧက ၃၀၀၀ လောက် လောင်ကျွမ်းနေပါတယ်။
စပိန်နိုင်ငံရဲ့ အလယ်ပိုင်းမှာလည်း နေရာတချို့မှာ တောမီးလောင်ကျွမ်းနေပါတယ်။
=== Unicode ===