လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဟာ စစ်ကောင်စီနဲ့ ၃ ရက်တာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး LDU က အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစတဲ့ ကိစ္စတွေကို အလေးထားဆွေးနွေးခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို LDU အထွေထွေ အတွင်းရေးမှူးက ဦးဆောင်တက်ရောက်ခဲ့တာဖြစ်ပြီး LDU ဥက္ကဌကတော့ တက်ရောက်ဖို ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအပြီးမှာ အဖွဲ့အတွင်း စည်းလုံးရေးအတွက် ပြန်လည် ညှိနှိုင်းကြဖို့ ရှိပါတယ်။ ရန်ကုန်လာတဲ့သတင်းကို တင်ပြထားပါတယ်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တွေနဲ့ ဇူလိုင်လ ၇ ရက် ကြာသပတေးနေ့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးပြီး ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့တာပါ။ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံစဉ် အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို LDU ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA ကို အခုလိုပြောပါတယ်။
“သူတို့ကတော့ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကို သွားမယ်ပေါ့။ ကျနော်တို့ဘက်မှာ ပြောပြတာကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်လာအောင် လိုချင်တယ်ပေါ့။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ ပါဝင်လာအောင်။ ဖြစ်စေချင်ပါတယ်ပေါ့။ နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်တာရော၊ မရပ်တာရော အကုန်လုံး အတူတကွဆွေးနွေးပြီးမှ စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ အဲလိုမျိုး ဖြစ်စေချင်တယ်ပေါ့။ နောက်ပြီးတော့ ဒီလူသားချင်းစာနာထောက်ထားတဲ့ အကူအညီအတားအဆီးမရှိ ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ အဲဒါလဲ ဆွေးနွေးခဲ့တယ်။ ”
ငြိမ်းချမ်းဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေးချိန်မှာတော့ အဓိက ၂၁ ရာစုပင်လုံက ချမှတ်ထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ ပါအချက်တွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ယခင်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးစဉ်ကအတိုင်း ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို LDU က အထွေထွေအတွင်းရေးမှုး ကျာဆော်လမွန်၊ တွဲဘက်အတွင်းရေးမှုး၂ ကျာယာကုပ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကျာဖူးတို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကျာခွန်ဆာနဲ့ ဒုဥက္ကဋ္ဌကျာဟားကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး တက်ရောက်တဲ့ LDU ကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်မပြုကြောင်းနဲ့ အဖွဲ့အစည်းက ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ LDU ပြောရေးဆိုခွင့်ရှိသူကတော့ နှစ်ဘက်အကြား သဘောထားကွဲပြားမှုတွေကို လက်ရှိ ပြန်လည်ညှိနှိုင်းဖို့ ရှိကြောင်း ပြောပါတယ်။
“ကိုယ့်ဒေသမှာ ပြန်ရောက်လို့ရှိရင် ဟိုဘက် ဒီဘက် ပြန်ညှိနှိုင်းဆွေးနွေးမယ်။ ဒီလိုမျိုးဝိဝါဒကွဲပြီးမှ ပြိုကွဲ တာမျိုး မဖြစ်စေချင်ဘူးပေါ့နော။ ဘယ်လိုပဲဖြစ်ဖြစ် စည်းစည်းလုံးလုံးနဲ့ ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လားဟူက လူဦးရေလည်းနည်းတယ်။ စုစုစည်းစည်း ဖြစ်စေချင်တယ်။ အဲဒါကြောင့် အဆင်ပြေအောင်တော့ ညှိမှာပါ။”
လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဒေါ်အေးသီတာမြင့်က LDU အနေနဲ့ အဖွဲ့အစည်းရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး နှစ်ဘက်ပြန်လည်ဆွေးနွေးဖို့ လိုမယ်လို့ ရှုမြင်ကြောင်း ပြောဆိုပါတယ်။
ဒါအပြင် အဖွဲ့ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ လူထုသဘောထားကို ရယူသင့်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။
“ကျမမြင်တာကတော့ လားဟူတိုင်းရင်းသားတွေရဲ့ အကျိုးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ လားဟူလူထုတွေရဲ့ သဘောထား ဆန္ဒတွေလည်း ယူသင့်တယ်လို့ ကျမကတော့မြင်တယ်။ ဒီလိုမျိုးဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ရမယ့် နေရာမျိုးတွေမှာပေါ့။ လားဟူ လူမျိုးစု ကိုယ်စားပြုအဖွဲ့အစည်းတွေလည်း ရှိတယ်ပေါ့။ ယဉ်ကျေးမှုအပိုင်းက ရှိမယ်။ ဘာသာရေးအဖွဲ့အစည်းလည်း ရှိတယ်။ အမျိုးသမီးအဖွဲ့အစည်းလည်း ရှိတယ်။ ပြီးတော့ ဒီ အရပ်ဘက်အဖွဲ့အစည်းပေါ့ လူမှုအဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ သဘောထားတွေ ရယူသင့်တယ်လို့ ကျမကတော့ မြင်တယ်။ ”
လောလောဆည်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က စာရင်းပေးထားပြီး ၉ ဖွဲ့နဲ့ ဆွေးနွေးထားပြီးပြီ ဖြစ်ပါတယ်။
ဆွေးနွေးဖို့ ကျန်ရှိနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ စစ်ကောင်စီကြားမှာတော့ တပ်စခန်း ၃ ခု နေရာရွှေ့ပြောင်းပေးရေးနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြားမှာ မပြေမလည်ဖြစ်နေတာတွေ ရှိနေတာကြောင့် ဆွေးနွေးပွဲဖြစ်မဖြစ်က မရေမရာ ရှိနေပါတယ်။
===Unicode ====