အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမယ့် အာရှခရီးစဉ်ကို ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ က တနင်္ဂနွေနေ့က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ တရုတ်ကို အာခံပြီး ထိုင်ဝမ် ဝင်မဝင်ကိုတော့ မဖော်ပြပါဘူး။
ဒေသတွင်းက မဟာမိတ်တွေနဲ့ မိတ်ဆွေတွေအပေါ် အမေရိကန်က ထားရှိတဲ့ ကတိကဝတ်တွေက ခိုင်မာ၊ မယိမ်းယိုင်ကြောင်း ပြသဖို့ အာရှကို သွားရောက်မယ့် ခရီးမှာ ဒီမိုကရက်တစ်ပါတီ အမတ်ငါးယောက်အဖွဲကို သူ ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ပလိုစီ က ကြေညာချက်မှာ ပြောထားတာပါ။
ဒီခရီးစဉ် မှာ စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ နဲ့ ဂျပန်တို့ကို ဝင်ရောက်မယ်လို့ ကြေညာချက်က ဆိုပါတယ်။ အဖွဲ့ဟာ ဟိုင်ဝိုင်ယီကို ရောက်ခဲ့ပြီး အမေရိကန်စစ်တပ် အင်ဒိုပစိဖိတ်ဒေသ စစ်ဌာနချုပ်က အခြေအနေ ကို အကျဉ်းတင်ပြခဲ့တယ်လို့ ကြေညာချက်က ပြောပါတယ်။
ထိုင်ဝမ်ကို ဝင်ရောက်ဖို့ နန်စီ ပလိုစီ က မဝံ့မရဲ စမ်းကြည့်နေတယ်လို့ အမေရိကန် မီဒီယာတွေက သောကြာနေ့တုန်းက ပြောကြပါတယ်။ ပလိုစီ ကိုယ်တိုင်က ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေကို သွယ်ဝိုက်ပြောဆိုပေမဲ့ သူ့ရုံးကတော့ အတည်မပြုဘဲ၊ လုံခြုံရေးအရ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်လို့ပဲ ပြောပါတယ်။
ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌက သွားရောက်ခဲ့တဲ့ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ဒါဟာ အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး တာဝန်ရှိသူတစ်ဦးက ထိုင်ဝမ်ကို ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။ တရုတ်ကတာ့ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာအဖြစ် ထပ်ခါထပ်ခါ သတိပေးထားပါတယ်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ အဓိကကျကျ စစ်ရေးပြင်ဆင်တဲ့ အထောက်အထားတော့ မတွေ့မိသေးကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။
===Unicode ====