အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီရေးထောက်ခံတဲ့ တောင်ကိုရီးယားလွှတ်တော်အမတ်တချို့ ဇူလိုင်လ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့အတူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်မှုကို ရှုတ်ချပြီး ဒီလိုကျူးလွန်မှုအတွက် တာဝန်ခံရမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီရေးထောက်ခံတဲ့ တောင်ကိုရီးယားအမတ်များအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာလည်း စစ်ကောင်စီရဲ့ ကွက်မျက်ခဲ့တဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ လူပေါင်းရာနဲ့ချီ ပါဝင်ခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်ရခဲ့တဲ့ နာမည်ကျော် အနုပညာရှင် မင်းမော်ကွန်းလည်း ပါဝင်ပြီး မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ ကွက်မျက်ခံရသူတွေဟာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေရဲ့ ဖြစ်ရပ်နောက်ကွယ်က ကြိုးကိုင်ခဲ့သူတွေဖြစ်ပြီး ဥပဒေနဲ့အညီဆောင်ရွက်တာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
==Unicode ===
မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ နှစ်ဦးအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ လေးဦးကို စစ်ကောင်စီက ကြိုးပေးကွက်မျက်ခဲ့တဲ့အတွက် ရှုတ်ချကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ ဆက်တိုက်ပြုလုပ်နေရာမှာ ဇူလိုင်လ ၃၀ ရက် စနေနေ့က တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံတွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒါကတော့ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဒေသစံတော်ချိန် ည ၇ နာရီလောက်က မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ပြီး လူစည်ကားရာမြို့လယ်ကောင်မှာ ချီတက်ဆန္ဒပြနေကြတာပါ။ တောင်ကိုရီးယားရောက် မြန်မာနဲ့ တိုင်းရင်းသားတွေ၊ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ ဒါဇင်နဲ့ချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒါအပြင် ဆန္ဒပြသူတွေဟာ ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ် အနက်ရောင် အင်္ကျီတွေကို တူညီဝတ်ဆင်ထားတာကိုလည်း တွေ့ကြရပါတယ်။