သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ရေရှည်လက်ခံထားရေး ဘင်္ဂလားဒေ့ရှ်အတွက် အခက်အခဲရှိ


ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအား သွားရောက် ကြည့်ရှုစဉ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအား သွားရောက် ကြည့်ရှုစဉ်။

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ တနေ့ကျရင် မြန်မာပြည်ကို ပြန်ကြရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ကို ဝန်ကြီးချုပ် Sheikh Hasina က ပြောကြားခဲ့တာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးနောက် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်နေတာ အခုဆို ၅ နှစ်ရှိသွားပြီဖြစ်ကြောင်း၊ သယံဇာတ ရှားပါးတဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတခုအနေနဲ့ ဒုက္ခသည်အများအပြားကို အခုလောက်ကြာကြာ လက်ခံထားရတဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ အများအပြားရှိကြောင်း ဝန်ကြီးချုပ် Hasina က ပြောခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး Bachelet ကလည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ တိုးတက်မှုမရှိတဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောဆိုတဲ့ တချိန်ထဲမှာဘဲ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ မုန်းတီးရေး အရှိန်မြင့် ဖြစ်ပေါ်နေတာနဲ့ ရာဇဝတ်မှုနဲ့ တခြားပြဿနာတွေအတွက် ရိုဟင်ဂျာတွေကို အပြစ်ပုံချမှုတွေ ဖြစ်ပေါ်နေတာကို သတိထား စောင့်ကြည့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ရရှိနေသေးရင် သူတို့ကို နောက်ထပ် တနှစ်၊ နှစ်နှစ်လောက် ဆက်ပြီး လက်ခံထားနိုင်ကြောင်း၊ ဒါပေမယ့် သူတို့ နေရပ်ပြန်နိုင်မယ့် ရက်သတ်မှတ်ထားမှုတော့ ရှိရမှာဖြစ်ကြောင်း၊ ဒါကြောင့် ဒီကိစ္စကို နိုင်ငံတကာ အသိုင်းဝိုင်းက ဝိုင်းဝန်း ကူညီ လုပ်ဆောင်ကြဖို့ တောင်းဆိုကြောင်း သတင်းတွေမှာ ကိုးကား ဖော်ပြပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ဟာ ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေနေ့ကနေ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

=== Unicode ====






XS
SM
MD
LG