ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ဟာ ဥပဒေအရ ရှေ့လမှာ ရာထူးကနေ ဆင်းပေးရမယ်လို့ အတိုက်အခံပါတီတွေက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က ရာထူးက ဆင်ပေးမယ့် အရိပ်လက္ခာဏမပြတာကြောင့် ဒီကိစ္စကို နိုင်ငံရေးသမားတွေနဲ့ ဥပဒေပညာရှင်တွေအကြား အကြိတ်အနယ် ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက တင်သွင်းသွားမယ်လို့ အတိုက်အခံပါတီတွေက ပြောပါတယ်။
ထိုင်းဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်တဦးအနေနဲ့ တကြိမ်ထဲဖြစ်ဖြစ်၊ သီးခြားခွဲလို့ဘဲဖြစ်ဖြစ် (၈) နှစ်ထက်ကျော်ပြီး တာဝန်ထမ်းဆောင်ခွင့်မရှိစေရလို့ ဖော်ပြထားပါတယ်။
နတ်ရွာစံသွားပြီဖြစ်တဲ့ ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej က Prayut Chan-o-cha ကို ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာ အသိအမှတ်ပြုလိုက်တဲ့အချိန်ကစလို့ ဝန်ကြီးချုပ်သက်တမ်း စတင်အကျုံးဝင်လာခဲ့တာလို့ အတိုက်အခံပါတီတွေက ထောက်ပြကြပါတယ်။ ဒါဟာ အဲဒီအချိန်က စစ်တပ်အကြီးအကဲဖြစ်နေခဲ့တဲ့ Prayut Chan-o-cha က လူထုက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူပြီး ၃ လအကြာမှာ ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်အဖြစ် အသိအမှတ်ပြလိုက်တာပါ။ ဒါကြောင့် ဝန်ကြီးချုပ်အနေနဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာ ရာထူးက အနားယူပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လွှတ်တော်ကို အကြံပေးနေတဲ့ ဥပဒေပညာရှင်တွေက ဝန်ကြီးချုပ်ရဲ့သက်တမ်းဟာ ၂၀၁၉ ခုနှစ်မှသာ စတင်ခဲ့တာလို့ ပြောဆိုကြတာကို ကိုးကားပြီး ထိုင်းနိုင်ငံက သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒါဟာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး တလအကြာမှာ ထိုင်းဘုရင်အသစ် Maha Vajiralongkorn က သူ့ကို ဝန်ကြီးချုပ်အဖြစ် အသိအမှတ်ပြုလိုက်တဲ့နှစ် ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကတော့ ရွေးကောက်ပွဲအသစ် ကျင်းပမယ့် မတ်လအထိ လက်ရှိရာထူးကို ဆက်လက် ထမ်းဆောင်သွားမယ်လို့ ပြောထားဖူးပါတယ်။
===Unicode ===