အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ မြန်မာရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို မြန်မာအစိုးရထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။ ဒူဘိုင်းက အင်တာပို နိုင်ငံတကာ ရဲဌာနချုပ် INCB (Interpol National Central Bureau) အပါအဝင် မြန်မာနဲ့ UAE ရဲတွေ ပူးပေါင်းကယ်တင်ခဲ့တာဖြစ်ပြီး သူတို့ဟာ မနေ့က သောကြာနေ့မှာ ရန်ကုန်ကို ပြန်ရောက်လာပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ဟာ ဒူဘိုင်းမှာနေတဲ့ မြန်မာလူမှောင်ခိုဂိုဏ်းရဲ့ လစာကောင်းကောင်းရမယ်ဆိုပြီး ဖျားယောင်းခေါ်ဆောင်မှုကို ခံခဲ့ရတာဖြစ်ကြောင်းနဲ့ သူတို့ကို တခြားနိုင်ငံတွေကို ရောင်းစားဖို့ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။ ဒူဘိုင်းကို လွန်ခဲ့တဲ့ (၃) လလောက်ကတည်းက ရောက်နေခဲ့တဲ့ သူတို့ဟာ အလုပ်မရတဲ့အပြင် ဒူဘိုင်းက အခန်းတခုမှာ အပိတ်လှောင်ခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ ဒူဘိုင်းကအခန်းတခုမှာ ပိတ်လှောင်ခံနေရတဲ့ အမျိုးသမီး (၈) ယောက်က ဖေ့စ်ဘုတ် လူမှုကွန်ယက်ကနေ တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ပြီး အကူညီတောင်းခံခဲ့တာဖြစ်ပြီး၊ သူတို့ကို အကူအညီပေးသွားမယ်လို့ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။
UAE ကို ရောက်ပြီး ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား (၂၀၀) ဝန်းကျင်လောက်ရှိတယ်လို့ ဒူဘိုင်းရောက် မြန်မာလူမှုကူညီရေးအဖွဲ့တခုက မကြာသေးခင်ကပဲ VOA ကို ပြောခဲ့ပါတယ်။ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း ကလည်း အခုလို ဒူဘိုင်းကို လိမ်လည်ခေါ်ဆောင်တဲ့ အေဂျင်စီတွေကို လူကုန်ကူးမှုအပြင် အလုပ်သမားရေးဥပဒေနဲ့ပါ အရေးယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။
=== Unicode =====