ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို အစဉ်တစိုက် ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု အပေါ် ကြီးမာတဲ့ အန္တရာယ် သက်ရောက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့ သောကြာနေ့ကပြုလုပ်တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ ထပ်မံ သတိပေးပြောကြားခဲ့ပါတယ်။
နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်နေတဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥပဒေရေးရာဆိုင်ရာ ဆဋ္ဌမကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေနဲ့ ဒေသတွင်းလုံခြုံရေးအပေါ် ဆိုးကျိုးကြီးမားလာတဲ့ အခြေအနေကို အခုလို တင်ပြသွားပါတယ်။
"ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေတွေကို စစ်ကောင်စီက အစဉ်တစိုက် ချိုးဖောက်နေတာတွေဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနေပါတယ်။ အဓိကအားဖြင့် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ (၁) သန်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီလို နေရပ်စွန့်ခွာ ထွက်ပြေး ကြသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေအတွက် လူကုန်ကူးမှုလိုမျိုး နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ရင်ဆိုင်ရမယ့် အန္တရာယ်ရှိနေပါတယ်။" က ဆိုပြီး ဦးကျော်မိုးထွန်းက ပြောသွားတာပါ။
ဒါ့အပြင် တရားမဝင် အာဏာသိမ်းစစ်တပ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ရှေ့ရှုပြီး ဥပဒေတွေကို ထင်သလိုပြုမူနေတဲ့အတွက် နိုင်ငံတွင်း တရားရုံးမှန်သမျှ ဥပဒေကို လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်နိုင်ခြင်း မရှိကြောင်းလည်း သံအမတ်ကြီးက ပြောသွားပါတယ်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံ နိုင်ငံ့အကြီးအကဲတွေကို ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူနေတာ၊ ဒီနှစ် ဇူလိုင်လမှာ စစ်တပ်ရဲ့အတုအယောင် တရားခွင်တွေကနေ ဦးဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားနေသူလေးဦးကို လျှို့ဝှက်စွာ ဥပဒေမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကိုထောက်ပြီး ဒါတွေဟာ ထင်ရှားတဲ့ ဥပဒေမဲ့လုပ်ရပ်တွေလို့ ပြောဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ စက်တင်ဘာလအတွင်း ကလေးငယ် (၇) ယောက်အပါအဝင် အနည်းဆုံးလူ (၁၃) ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးက လက်ယက်ကုန်း စာသင်ကျောင်းကို စစ်တပ်ရဲ့ ရက်ရက်စက်စက် အင်အားသုံးတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုအပါအဝင် လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုကို သက်သေပြနေကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ဒီလို စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို နိုင်ငံတကာ တရားရုံးတွေမှာ စစ်ဆေး အရေးယူနိုင်ရေး IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားက သက်သေ အထောက်အထားတွေကို ရယူနေတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖြေရှင်းရာမှာ ဒေသတွင်း (အာဆီယံ)နဲ့ နိုင်ငံတကာအဆင့် အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ဖြေရှင်းဖို့ လိုအပ်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအေထြေထြညီလာခံ ဆဋ္ဌမကော်မတီ အစည်းအဝေးမှာ ထပ်မံတိုက်တွန်း ပြောဆိုသွားပါတယ်။
=== Unicode ====