သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ ပဲစိုက်ဖို့ အိန္ဒိယ စီစဉ်


အိန္ဒိယနိုင်ငံက ပဲစဉ်းငုံနဲ့တခြားပဲတွေ ပြည်ပနိုင်ငံတွေမှာ စိုက်ဖို့ရည်ရွယ်ပြီး မြန်မာနဲ့ Mozambique နိုင်ငံတွေကိုအဖွဲတစ်ဖွဲ့ဆီ စေလွှတ်မှာ ဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan က အိန္ဒိယအခြေစိုက် NDTV ရုပ်သံသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

သူက အဲဒီတိုင်းပြည်တွေမှာ ပဲတွေ စိုက်ပျိုးကောင်း စိုက်ပျိုးမယ့်အကြောင်း၊ ဒါမှ မဟုတ်လည်း ရေရှည် သဘောတူညီချက်တခုကို လက်မှတ်ထိုးမယ့်အကြောင်း၊ အဲဒီအတွက် ရှေ့လာမယ့်သီတင်းပတ်မှာ Mozambique နဲ့ မြန်မာနိုင်ငံတွေကို အဖွဲ့တဖွဲ့ဆီကို လွှတ်ဖို့ရှိတဲ့အကြောင်း ပြောကြားပါတယ်။

ဒါ့အပြင် ဝန်ကြီး Paswan က လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး မုန်သုန်ရာသီရဲ့ ရိုက်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံမှာ ပဲထုတ်လုပ်မှု ကျဆင်းလာနေကြောင်းလည်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပဲဈေးတွေလည်း ၁ ကီလိုဂရမ်ကို ရူပီး ၂၀၀ အထိ ရှိလာသလို တခြား အဓိက ဟင်းသီး ဟင်းရွက်တွေဖြစ်တဲ့ ခရမ်းချဉ်သီးက ၁ ကီလိုဂရမ်ကို ရူပီး ၈၀ နဲ့ အာလူး ၁ ကီလိုဂရမ်ကို ၃၅ ရူပီးအထိ မြင့်တက်ခဲ့ကြောင်း ပြောပါတယ်။

အစိုးရက စစ်တမ်းကောက်ယူကြည့်တဲ့အခါ စားသုံးသူဘက်က အပြောင်းအလဲ သိပ်ရှိလာတာကို မတွေ့ရဘဲ ကောလ ဟာလတွေကြောင့် အခုလို ဈေးနှုန်းမြင့်တက်သွားတာဖြစ်နိုင်ကြောင်းလည်း ဝန်ကြီး Paswan က ပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာအစိုးရပြန်ကြားရေးသတင်းဌာနရဲ့ဝဘ်ဆိုက်မှာ ပြည်ပပို့ကုန်ဖြစ်တဲ့ မတ်ပဲနဲ့ပဲစင်းငုံဈေးတွေ မြင့်တက်လာကြောင်း ဖော်ပြ ထားပါတယ်။ အဲဒီလို ပဲဈေးမြင့်တက်တာဟာ မြန်မာ့ငွေကြေး ပိုပြီးခိုင်မာလာတဲအတွက် ဖြစ်နိုင်ကြောင်း မန္တလေးပွဲရုံပိုင်ရှင်တစ်ဦးက ပြောတာကို ကိုးကား ဖော်ပြထားပါတယ်။ ဇွန်လ ၁၈ ရက်နေ့က မတ်ပဲ သုံးတင်းဝင်တအိတ်ကို ၁ သိန်း၊ ၇ သောင်းရှိပြီး ပဲစင်းငုံ တစ်အိတ်ကို ၁ သိန်း၊ ၄ သောင်း၊ ၈ ထောင် နှုန်းအထိ တအိတ်ကို ကျပ် ၃ ထောင် တက်ခဲ့ကြောင်း ပြောပါတယ်။

အခုလို ပြည်ပပို့ကုန်တွေ ဈေးတက်လာရတာဟာ မြန်မာ့ငွေကြေးဟာ ဈေးကွက်ထဲမှာ ပိုပြီးခိုင်မာလာတဲ့အတွက်ဖြစ်တယ်လို့ မြန်မာကုန်သည်အသိုင်းအဝိုင်းက ယူဆနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG