ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ Nobel ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး Dalai Lama ကဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းလိုက်ပါတယ်။ အခြေအနေတွေ ပိုပြီးဆိုးဝါးလာနေတဲ့ စိတ်မကောင်းစရာ အခြေအနေအပေါ် သူ့အနေနဲ့ ဘယ်လောက် မယုံကြည်နိုင် ဖြစ်ရတယ်ဆိုတာ သိစေချင်တဲ့အတွက် စာရေးသားပေးပို့တာဖြစ်တယ်လို့ ဘုန်းတော်ကြီး Dalai Lama ရဲ့စာထဲမှာ ရေးသားထားပါတယ်။
သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံ လန်ဒန်မြိ့မှာ တွေ့ဆုံခဲ့ကြတုန်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာလွှမ်းမိုး အနေအထားကို အသုံးချပြီး မွတ်ဆလင်အသိုင်းအဝိုင်းတွေ ကြုံနေတဲ့ပြဿနာကို ငြိမ်ငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့တာကိုလည်း အဲဒီစာထဲမှာ ပြန်ပြီး ရည်ညွှန်းထားပါတယ်။ ပြဿနာဟာ ပိုဆိုးလာသလို အကြမ်းဖက်မှုတွေ ပိုတိုးလာတာတွေ့နေရတဲ့အတွက် သူ့အနေနဲ့စိတ်ပျက်တယ်လို့ VOA တိဘက်ဌာနက ရရှိတဲ့ ဘုန်းတော်ကြီးရဲ့စာထဲမှာ ရေးထားပါတယ်။
လွန်ခဲ့တဲ့ သီတင်း ၂ ပါတ်လောက်ထဲက ပေးပို့ခဲ့ပုံရတဲ့စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားမြန်မာနိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ ပြဿနာကို ငြိမ်းချမ်းစွာ မဖြေရှင်းဘူးဆိုရင် နောက်ထပ် မငြိမ်သက်မှုတွေ။ ပျက်စီးဆုံးရှုံးမှုတွေဆီ ဦးတည်သွားလိမ့်မယ်လို့လည်း စာထဲမှာ သတိပေးထားပါတယ်။
ဆိုးဝါးနေတဲ့ပြဿနာအတွက် ရေရှည်ခံပြီး လူသားဆန်တဲ့ အဖြေရှာဖို့အတွက်လည်း Nobel ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို တိဘက်ဘုန်းတော်ကြီး Dalai Lama တိုက်တွန်းထားပါတယ်။
နယ်စပ်လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် မွတ်ဆလင်ဒုက္ခသည်အများအပြား Bangladesh ဖက်ထွက်ပြေးခိုလှုံနေကြပါတယ်။ မွတ်ဆလင်တွေကို အနိုင်ကျင့် နှောင့်ယှက်နေသူတွေအနေနဲ့ ဗုဒ္ဓမြတ်စွာဘုရားကို သတိရသင့်တယ်လို့ ပြီးခဲ့တဲ့တပါတ်ထဲမှာ ဘုန်းတော်ကြီး Dalai Lama က ပြောကြားခဲ့ပါတယ်။