သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် လက်နက်စွန့်ကြဖို့ ဒလိုင်းလားမားပြောကြား


တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား
တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား

နိုင်ငံအသီးသီးက စစ်အင်အားတွေဖျက်သိမ်းခြင်းဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဓိက သော့ချက်ဖြစ် တယ်လို့ အဝေးရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက စနေနေ့မှာ ပြောကြားလိုက် ပါတယ်။ စစ်အင်အားတွေ ဖျက်သိမ်းတယ်ဆိုတဲ့ နေရာမှာလည်း ၂ ဆင့်ရှိကြောင်းနဲ့ အဲဒါတွေကတော့ စိတ်အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေ ဖျက်သိမ်းခြင်းဖြစ်ကြောင်း ပြောပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကိုယ်ကျင့်တရားနဲ့ပျော်ရွှင်မှုဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အခမ်းအနား မိန့်ခွန်းမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး အဲဒီအခမ်းအနားကို အိန္ဒိယ လက်အောက်ခံ Jammu နဲ့ Kashmir ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း N.N. Vohra ပါ တက်ရောက်ခဲ့တာပါ။

တိဘက်ဒေသကို လွတ်လပ်ရေးပေးပါလို့ သူတို့အနေနဲ့ တောင်းဆိုနေခြင်းမဟုတ်ဘဲ တိဘက်ယဉ်ကျေးမှုကို အသိအမှတ်ပြုပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုနေခြင်းဖြစ်ကြောင်းလည်း ဘုန်းတော်ကြီး ဒလိုင်း လားမားက ပြောပါတယ်။

တိဘက်ဒေသကို တရုတ်တို့က ၁၉၅၀ ခုနှစ်မှာ သိမ်းပိုက်စဉ်က ငြိမ်းချမ်းသော လွတ်မြောက်ရေးလို့ တရုတ်တို့ က အမည်ပေးခဲ့တာပါ။ တရုတ်ရဲ့ နယ်ချဲ့သိမ်းပိုက်မှုကို ဆန့်ကျင်အုံကြွမှုမအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် ဒလိုင်းလားမားဟာ သူ့ရဲ့ နောက်လိုက်တွေနဲ့အတူ အိန္ဒိယနိုင်ငံကို ၁၉၅၉ ခုနှစ် မတ်လမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ပါတယ်။

ဒလိုင်းလားမားဟာ အန္တရာယ်ရှိပြီး ခွဲထွက်ရေးလိုလားသူဖြစ်ကြောင်း တရုတ်အစိုးရက အဲဒီအချိန်တုန်းက ရှုတ်ချခဲ့ပါတယ်။ ဒလိုင်းလားမားကတော့ သူ့အနေနဲ့ အကြမ်းဖက်လုပ်ရပ်ကို လိုလားသူမဟုတ်ကြောင်း တရုတ်ရဲ့ စွပ်စွဲချက်ကို ပယ်ချလိုက်ပြီး တိဘက်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရရှိရေးကိုသာ လိုလားကြောင်း ပြောပါတယ်။

တိဘက်ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ် ဆိုတဲ့ အဝေးရောက် တိဘက်အင်အားစုတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ပြောဆိုချက်တွေကို တရုတ် အစိုးရက ပယ်ချလိုက်ပြီး တိဘက်ဒေသမှာ ကြွယ်၀ ချမ်းသာမှုနဲ့ တည်ငြိမ်မှုတွေ ရရှိအောင် လုပ်ဆောင် ပေးခဲ့ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG