သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန်


တိဘက်ဘုန်းတော်ကြီး Dalai Lama
တိဘက်ဘုန်းတော်ကြီး Dalai Lama
မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးခေါင်းစဉ်နဲ့ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာဟာ အင်မတန်ကို ဝမ်းနည်းစရာ ကောင်းပါတယ်လို့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က ပြောပါတယ်။ မူဆလင်လူမှု အသိုင်းအဝိုင်းအပေါ်မှာလည်း စိတ်ခံစားမှုတွေ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားကို သတိရကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် မယ်ရီလန်းတက္ကသိုလ် မှာ မနေ့တုန်းက လုပ်တဲ့ ဟောပြောပွဲအတွင်း မြန်မာနိုင်ငံတွင်း ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေအပေါ်မှာ အခုလို မှတ်ချက်ပေး ဟောကြားသွားတာပါ။ အန်နဝါ ဆဒတ် (Anwar Sadat) ကို အမှတ်တရ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောပွဲတွေ အတွင်း နိုင်ငံတကာက ခေါင်းဆောင်တွေ ဘာသာရေး ခေါင်းဆောင်တွေကို ဖိတ်ခေါ် ဟောကြားစေခဲ့ရာမှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) လည်း တတ်ရောက်ဟောကြားခဲ့တာပါ။

လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားချက်တွေအပေါ်မှာ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်မလဲဆိုတဲ့ အချက်ကို အဓိကထား ဟောပြောသွားရင်း ကမ္ဘာ့နေရာ အတော်များများမှာ ဘာသာရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်တဲ့အပေါ်မှာ ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က ဝေဖန်သွားခဲ့ပါတယ်။

အဲ့ဒီမှာ မြန်မာနိုင်ငံတွင်း မူဆလင်လူမှုအသိုင်းအဝိုင်းကို ဗုဒ္ဓဘာသာဝင်တွေက အကြမ်းဖက်မှုတွေဟာ အင်မတန် ဝမ်းနည်းစရာကောင်းတယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က မိန့်ပါတယ်။

“ဘာသာရေးခေါင်းစဉ်တပ်ပြီး လူတွေကို သတ်ဖြတ်နေတာကို စဉ်းစားလို့ကို မရပါဘူး။ တကယ့်ကို အတော်လေး ဝမ်းနည်းစရာ ကောင်းပါတယ်။ အခုကာလမှာ ဒါမျိုးတွေကို မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ မူဆလင် ဗလီတွေကို ဖျက်ဆီးတာ၊ မူဆလင်မိသားစုတွေကို တိုက်ခိုက်တဲ့ ကိစ္စတွေပါ။”

ဘာသာရေး ခေါင်းစဉ်ခံပြီး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ နေရာအတော်များများ မှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပတ်သက်ပုံရပြီး၊ ဒါဟာ ဘာသာရေးကိစ္စ မဟုတ်ဘူးလို့ လည်း ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က မိန့်ပါတယ်။

ဒါကြောင့်လည်းပဲ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စတွေမှာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မုန်းတီးမှု ခံစားချက်တွေ ဖြစ်လာရင် ဗုဒ္ဓမြတ်စွာဘုရားကို သတိရပါလို့ သူက တိုက်တွန်းပါတယ်။

“ဒါတွေဟာ အတော်လေး ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျနော်ပြောခဲ့ဖူးပါတယ်။ ဗုဒ္ဓဘာသာ ညီအကိုတော်တွေ မောင်နှမတွေအနေနဲ့ မူဆလင်အသိုင်းအဝိုင်းအပေါ်မှာ မကျေမနပ် စိတ်ခံစားမှုတွေ ရှိလာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာကို သတိရကြပါ။”

အန်နဝါ ဆဒတ် (Anwar Sadat) ကို အမှတ်တရပြုတဲ့ အဲ့ဒီ ဟောပြောပွဲတွေမှာ ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) အပြင်၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲးလား (Nelson Mandela)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan)၊ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter)၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မန်ဒရင်း အောဘရိုက် (Madeleine Albright) စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဟောပြောခဲ့ဖူးပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေ တဲ့ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အရင်တုန်းကလည်း ဝေဖန် ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်း မိတ္ထီလာအရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေအနေနဲ့ ဗုဒ္ဓမြတ်စွာရဲ့ မိန့်ကြားချက်တိုင်း မေတ္တာတရား ထားပြီး ခွင့်လွှတ်သည်းခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မိမိရဲ့ စိတ်ထဲမှာ စိတ်ခံစားမှု ပြင်းထန်လာပြီး သတ်ဖြတ်လိုစိတ် ဖြစ်လာရင် ဗုဒ္ဓတရားကို လက်ကိုင်ထားဖို့နဲ့ ဗုဒ္ဓမြတ်စွာရဲ့ နောက်လိုက်တွေဆိုတာ မမေ့ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG