သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်ထောက် နိုင်ငံခြား ရေး ဝန်ကြီး ဒေါ်စု ၊ ဦးသိန်းစိန် တို့နဲ့ တွေ့မည်


အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေ တွေ့ဆုံ။ သတင်းဓာတ်ပုံ- ၈၈မျိုးဆက် ပွင့်လင်းအဖွဲ့။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ ၈၈မျိုးဆက်ခေါင်းဆောင်တွေ တွေ့ဆုံ။ သတင်းဓာတ်ပုံ- ၈၈မျိုးဆက် ပွင့်လင်းအဖွဲ့။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်တို့အပြင် အစိုးရ တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိ သွားပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ တက်ကြွလှုပ်ရှားသူတွေ နဲ့ တွေ့ဆုံရာ မှာတော့ ရွေးကောက်ပွဲ လွန်ကာလ အသွင်ကူးပြောင်းရေးအတွက် လိုအပ်ချက်တွေကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ မှာ ကျင်းပခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ ပါဝင် မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေနဲ့ သက်ဆိုင်သူအားလုံးကို အမေရိကန် ပြည်ထောင်စု က ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီလ် ရပ်ဆယ်လ် ဟာ မြန်မာနိုင်ငံ ကို ရောက်ရှိလာတာဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် က ဗွီအိုအေကို ပြောပါတယ်။

"မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်စေမယ့် အားလုံးပါဝင်တဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ရေး အတွက် ညီညွတ်တဲ့ စိတ်ဓါတ်နဲ့ အတူတကွ လက်တွဲ ဆောင်ရွက်ကြဖို့ သူ့အနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့သူတွေတိုင်းကို တိုက်တွန်း သွားမှာဖြစ်ပါတယ်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ဟာ သမ္မတဦးသိန်းစိန်နဲ့ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ ပါဝင်ပတ်သက်သူူ အားလုံးကို တွေ့ဆုံဖို့ နိုဝင်ဘာ ၂၃ရက် ကနေ ၂၄ ရက် အထိ ရန်ကုန် နဲ့ နေပြည်တော်ကို သွားရောက်မှာဖြစ်ပါတယ်။ "

တနင်္လာနေ့ ဒီကနေ့မှာ Daniel Russel ဟာ အရပ်ဖက် လူမှုအဖွဲ့ အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရွေးကောက်ပွဲအလွန်ကာလ အခြေအနေတွေ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဗွီအိုအေကိုပြောပါတယ်။

" အဓိက ကတော့ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး အခင်းအကျင်းနဲ့ ပက်သက်ပြီးတော့ ကျနော်တို့ အမြင်ချင်း ဖလှယ်ဖြစ်ပါတယ်။ ကျနော်တို့ကလည်း ဒါ အမေရိကန်နိုင်ငံ အစိုးရကိုရော ပြည်သူကိုရော၊ ကျနော်တို့ ဒီမိုကရေစီရေး လှူပ်ရှားမှုမှာ အားပေးခဲ့တဲ့အတွက်၊ ကျနော်တို့က ကျေးဇူးတင်တယ်။ တချိန်တည်းမှာပဲ ကျနော်တို့ အကူးအပြောင်းကာလမှာ ဟို အကဲဆတ်တဲ့ ကိစ္စတွေပေါ့လေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့အပေါ်မှာ နားလည်မှု ရှိစေချင်တယ်။ အထူူးသဖြင့် စစ်ဖက် ၊ အရပ်ဖက် ဆက်ဆံရေး ၊ communal riot တွေပေါ့၊ ကျနော်တို့ ဒီမှာရှိတဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ကိစ္စတွေမှာလည်း နိုင်ငံတကာက သုံးသပ်တာတွေ မြင်တာတွေနဲ့ လက်တွေ့ ဒီမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကြားထဲမှာ ဘယ်လောက် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတဲ့ ကိစ္စတွေပေါ့လေ။ အဲဒါတွေ ကျနော်တို့ပြောဖြစ်ပါတယ်။ ဆွေးနွေးဖြစ်ပါတယ်။"

ရွေးကောက်ပွဲအပြီး အနိုင်ရပါတီဖြစ်တဲ့ NLD ကို အာဏာ လွဲှပြောင်းရေး ချောမွေ့စေရေး သဘောထားအမြင်နဲ့ ပတ်သက်ပြီးတော့လည်း Daniel Russel နဲ့ တွေ့ဆုံတဲ့ပွဲမှာ ဆွေးနွေးခဲ့တယ်လို့လည်း ဦးကိုကိုကြီးကပြောပါတယ်။

"ကျနော်တို့က လူထုရဲ့ ရွေးချယ်မှုပေါ့၊ လူထုရဲ့ ဆုံးဖြတ်မှုကို ကျနော်တို့က ဒါ ဂုဏ်ပြုရမယ်၊ လေးစားရမယ်၊ ဒါကြောင့်မို့လို့ အခုကျနော်တို့ လွှတ်တော် နာယကကြီးနဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဒီဖက်က နိုင်ငံတော်သမ္မတနဲ့ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ရော ဆက်လက်တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်ရဲ့ အရေးပါတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်းလည်း ဆွေးနွေးဖို့ လိုတယ်ဆိုတာကို ကျနော်တို့ပြောဖြစ် ပါတယ်။ နောက်တခုကတော့ နိုင်ငံရဲ့အပြောင်းအလဲမှာ နိုင်ငံခြားဆက်ဆံရေးနဲ့ပက်သက်ပြီး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပက်သက်တဲ့ အမြင်တွေလည်း ပြောဖြစ်ပါတယ်ခင်ဗျာ။ "

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လက်ဘက်ရည်ဆိုင်ထိုင်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လက်ဘက်ရည်ဆိုင်ထိုင်

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရပ်ဆယ်လ် ဟာ တနင်္လာနေ့က ရန်ကုန်မြို့ သုခ စည်းစိမ် လက်ဖက်ရည်ဆိုင်ကို သွားရောက် ခဲ့ပြီး ရွေးကောက်ပွဲနဲ့ အနာဂတ်ဆိုင်ရာအမြင်တွေကို လာရောက် စားသောက်နေကြ သူတွေကို မေးမြန်းခဲ့ပါတယ်။

အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်ခ်မှာတော့ လက်ရှိအစိုးအနေနှင့် အစိုးရ အသစ်ကို အေးချမ်းစွာအာဏာလွှဲပေးရန်မျှော်လင့်ကြောင်း နဲ့ အစိုးရသစ် လက်ထက်တွင် အမေရိကန် နဲ့ မြန်မာဆက်ဆံရေး တိုးတက် ခိုင်မာအောင်လုပ်ရန် မျှော်လင့်ကြောင်း လက်ဖက်ရည်ဆိုင်မှာ လာရောက် စားသောက်ကြသူတွေ က လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရပ်ဆယ်လ် ကိုပြောပြကြောင်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG