သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel မြန်မာနိုင်ငံသွားမည်


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ မြန်မာအစိုးရ အရာရှိတွေ အပါအဝင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေသခံ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့အတွက် စက်တင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့ကို သွားရောက်မှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အမေရိကန်က ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုတာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ တိုးတက်မှုရှိလာအောင် လုပ်ဆောင်ရေး တိုက်တွန်း အားပေးသွားမှာ ဖြစ်ပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ မနှစ် အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေအတွင်း နေပြည်တော်မှာ ကျင်းပတဲ့ EAS အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲအတွက် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်နေ့အထိ တရုတ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး တရုတ်အရာရှိတွေနဲ့ နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။

လက်ထောက်ဝန်ကြီး Russel ဟာ တရုတ်ပြည်ကနေမှ မွန်ဂိုလီးယားနိုင်ငံ Ulaanbaatar မြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ နှစ်စဉ် ကျင်းပတဲ့ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ထောက်ဝန်ကြီး Russel ဟာ မွန်ဂိုလီးယား အစိုးရ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးစပ်မှုရှိအောင် ဆွေးနွေးတာအပြင် မွန်ဂိုလီးယားနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းတာ ၂၅ နှစ် ပြည့်မြောက်မှုကိုလည်း ချီးကျူး ဂုဏ်ပြုမှာ ဖြစ်ပါတယ်။

XS
SM
MD
LG