သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ် သေနတ်သမား သေဆုံးပြီလို့ ယုံကြည်ရ


ဒိန်းမတ်ရဲတပ်ဖွဲ့ဝင်တွေ စနေပစ်ခတ်မှုနဲ့ ဆက်စပ်နေမှုရှိရာ Norrebro အရပ်က Mjoelnerparken တိုက်ခန်းတွေမှာ ရှာဖွေနေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)
ဒိန်းမတ်ရဲတပ်ဖွဲ့ဝင်တွေ စနေပစ်ခတ်မှုနဲ့ ဆက်စပ်နေမှုရှိရာ Norrebro အရပ်က Mjoelnerparken တိုက်ခန်းတွေမှာ ရှာဖွေနေစဉ်။ (ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၅)

ဒိန်းမတ်နိုင်ငံ ကိုပေဟေဂင်မြို့မှာ စနေနေ့က အရပ်သား ၂ ဦးသေဆုံးပြီး ရဲ ၅ ယောက်ကို ဒဏ်ရာစေခဲ့တဲ့ သေနတ်နဲ့ ပစ်ခတ်မှု ၂ ခု ကို လုပ်ဆောင်မယ်လို့ ယုံကြည်ရတဲ့ သံသယဖြစ်ဖွယ်လူတဦးကို တနင်္ဂနွေနေ့မှာ ရဲတွေက အသေဖမ်းဆီးရမိခဲ့တယ်လို့ ဒိန်းမတ်ရဲတွေက ပြောပါတယ်။

ပစ်ခတ်မှုတခုဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ဆိုင်ရာပွဲကျင်းပနေတဲ့ ကော်ဖီဆိုင်တဆိုင်မှာ ဖြစ်ပြီး နောက်တခုကတော့ ကိုပေဟေဂင်မြို့က ပင်မ ဂျူးဘုရားကျောင်း အပြင်ဘက်မှာ ဖြစ်ပွါးခဲ့တာပါ။ ဒီပစ်ခတ်မှုတွေကို တဦးထဲက လုပ်ဆောင်တာဖြစ်ပြီး တခြားသေနတ်သမားပါပါနေတဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ဒိန်းမတ် ဝန်ကြီးချုပ် Helle Thorning-Schmidt ကတော့ အပစ်မဲ့သူနှစ်ဦး သေဆုံးခဲ့ရတာဟာ ဒိန်းမတ်ကို ဆန့်ကျင်တဲ့ အကြမ်းဖက်သမား တွေရဲ့ သွေးအေးတဲ့ လုပ်ရပ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပြီး ဒိန်းမတ် လူ့အသိုင်းအဝိုင်းရဲ့ လွတ်လပ်ခွင့်၊ ပွင့်လင်းမှုနဲ့ ဒီမိုက်ရေစီရေးကို တိုက်ခိုက်သူ ဘယ်သူမဆို လွတ်လမ်း မရှိဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ဒီဆိုင်မှာ ကျင်းပတဲ့ပွဲကို ဆွီဒင်ကာတွန်းဆရာ Lars Vilks လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်တုန်းက တမန်တော် မိုဟာမက်ပုံကို ခွေးကိုယ်နဲ့ တွဲထားတဲ့ ကာတွန်းအပါအဝင် သရော်လှောင်ပြောင်တဲ့ပုံတွေ ရေးဆွဲသူအဖြစ် နာမည်ကြီးသူဖြစ်ပြီး အခုပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရမှု မရှိခဲ့ပါဘူး။

သေနတ်သမားဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ဆိုင်ရာပွဲကျင်းပနေတဲ့ ကော်ဖီဆိုင်မှာတုန်းက လူတယောက်ကို သေစေပြီး ရဲ ၃ ဦးကို ဒဏ်ရာရစေခဲ့ပါတယ်။ နောက်နာရီအနဲငယ်အကြာ ဂျူးဘုရားကျောင်းရှေ့ ပစ်ခတ်မှုမှာတော့ လုပ်အားပေးအစောင့်တဦး သေဆုံးခဲ့ရပြီး ရဲ ၂ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားသူ လုပ်အားပေး အစောင့်ဟာ ဂျူး လူမျိုးဖြစ်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ ရဲတွေ စောင့်ကြည့်နေတဲ့ အဆောက်အဦးနားမှာ ရဲတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အမျိုးသား တဦးကို အသေရမိတယ်လို့ ရဲတွေက ကြေညာပါတယ်။ သေဆုံးသူဟာ စနေနေ့ ပစ်ခတ်မှုနှစ်ခုကို လုပ်ဆောင်ခဲ့သူလို့ အာဏာပိုင်တွေက နောက်ပိုင်းမှာ ပြောပါတယ်။ ဒီအပြန်အလှန် ပစ်ခတ်မှုမှာတော့ ရဲတယောက်မှ ဒဏ်ရာမရခဲ့ပါဘူး။

XS
SM
MD
LG