သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီး ကျန်းမာရေးပညာပေး ဒေါ်လာ ၁၅ သန်းကျော် ဒိန်းမတ်လှူ


ဒိန်းမတ်နိုင်ငံရဲ့ အိမ်ရှေ့စံ ကြင်ယာတော် မင်းသမီး Mary စစ်တွေ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
ဒိန်းမတ်နိုင်ငံရဲ့ အိမ်ရှေ့စံ ကြင်ယာတော် မင်းသမီး Mary စစ်တွေ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။ (ဇန်နဝါရီ ၁၂၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ခြင်းမရှိတဲ့အတွက် အဲဒီ အခက်အခဲတွေကို ကျော်လွားနိုင်ဖို့ အမျိုးသမီးများလိင်ပိုင်းဆိုင်ရာ ပညာပေး လုပ်ငန်းတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေက ရှောင်ရှားနိုင်အောင် ဒိန်းမတ်နိုင်ငံက ဆေးခန်း ကူညီပေးသွားမှာဖြစ်ပါတယ်။ အဲဒီ ဆေးခန်းဖွင့်ပွဲကို ဒိန်းမတ်နိုင်ငံရဲ့ ကြင်ယာတော်အိမ်ရှေ့မင်းသမီး Mary Elizabeth ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေး ခဲ့သလို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အထောက်အကူ ဖြစ်စေမယ့် တခြား အကူအညီတွေကိုလည်း ဒိန်းမတ်အစိုးရက ပေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမျိုးသမီးများလိင်ပိုင်းရာ ပညာပေးလုပ်ငန်း၊ မိသားစုစီမံကိန်းလုပ်ငန်း၊ HIV နဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်များ ကိုယ်ဝန်ဆောင်ခြင်းနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်မယ့် ဆေးခန်းတခု ဒိန်းမတ်အစိုးရက တည်ထောင်ပြီး အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်နဲ့ ညီမျှတဲ့ ဒိန်းမတ် ခရိုနာ ၈၅ သန်းကို လှူဒါန်းတာ ဖြစ်ပါတယ်။

ဒီဆေးခန်းဖွင့်ပွဲကို ဒိန်းမတ်နိုင်ငံက အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော် ၊ အိမ်ရှေ့မင်းသမီး Mary Elizabeth ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။

ဆေးခန်းဖွင့်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ဒိန်းမတ် သတင်းဌာနကို မင်းသမီး Mary Elizabeth ရှင်းပြခဲ့တာတွေကို ဒိန်းမတ်သတင်းတွေမှာ ဖော်ပြနေကြတာနဲ့ပတ်သက်လို့တော့ ဒိန်းမတ်နိုင်ငံလက်ရှိနေထိုင်နေတဲ့ မြန်မာ ဘလော့ဂါ ကိုအောင်က အခုလိုပြောပြပါတယ်။

“ဗမာပြည်မှာရှိတဲ့လူမှုအသိုင်းအဝိုင်းက အရှက်အကြောက်က အရမ်းကြီးတယ်။ Sex နဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေ ခံစားရတဲ့ရောဂါတို့၊ နောက်ပြီးတော့ တခြားပြဿနာတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေက ဖွင့်ဟပြောပြဖို့ အခက်အခဲတွေ အများကြီး ဖြစ်နေတယ်ပေါ့။ အဲဒီအတွက်ကို ဒီဆေးခန်းဖွင့်ရတဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေကို အကူအညီပေးနိုင်ဖို့ပေါ့။ Sex နဲ့ သော်လည်းကောင်း၊ Sex နဲ့ပတ်သက်တဲ့ တခြားကိစ္စတွေနဲ့သော်လည်းကောင်း ဒီဆေးခန်းကနေပြီး အတတ်နိုင်ဆုံး သူတို့အနေနဲ့ အကူအညီပေးချင်တဲ့အတွက် ဖွင့်တယ်လို့ မင်းသမီးက ဒိန်းမတ်သတင်းဌာနကို သူက ပြောသွားတာ။”

ဒိန်းမတ်အစိုးရက မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပါအဝင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အကူအညီ ပေးရေးအတွက် မင်းသမီး Mary ကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေမြို့ မြောက်ပိုင်းမှာရှိတဲ့ ဆေးသမားကြီး ဒုက္ခသည်စခန်းကို သွားရောက် လေ့လာခဲ့တာနဲ့ ပတ်သက်လို့လည်း ဒိန်းမတ် သတင်းမီဒီယာတွေမှာ ဖော်ပြကြတယ်လို့ ဆိုပါတယ်။

“ဗမာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ဒိန်းမတ်မှာသတင်းစာက ရေးနေတာတော့ ဒိန်းမတ်က ဗမာပြည်ရဲ့လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီးတာ့ အကူအညီပေးတဲ့သဘောနဲ့ ဗမာပြည်အစိုးရ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည် ပြဿနာကိုလည်း သူတို့ တတ်နိုင်သလောက်၊ သူတို့ တတ်နိုင်တာကတော့ ငွေရေးကြေးရေးပေါ့နော်- သူတို့တတ်နိုင်တဲ့ ငွေရေးကြေးရေးလှူမယ်ပေါ့- အဲဒီအတွက်ကို သွားပြီး စုံစမ်းတာပေါ့နော်။ ဒါလောက်ပဲ ဖော်ပြထားတယ်။ ဗမာပြည်အစိုးရ အကြမ်းဖက်တယ်တို့၊ ဘာတို့ အဲလိုမျိုးတွေတော့ ဒိန်းမတ်သတင်းစာတွေမှာ မရေးဘူး။ အရင်တုန်းက တခြားသတင်းဌာနတွေက ဖော်ပြသလိုပေါ့- လူမျိုးတုန်းသတ်ဖြတ်တယ်တို့၊ genocide တို့ - အဲလိုမျိုးတော့ ဒိန်းမတ်က မသုံးနှုန်းဘူး။ မနေ့ကအထိတော့ ရခိုင်ပြည်နယ်ကို ရောက်တာတွေ၊ ဒုက္ခသည်စခန်းတွေမှာ နှစ်ဘက်လုံး ရခိုင်ဘက်ရော၊ မူဆလင်ဘက်တွေရော နှစ်ဘက်စလုံးကို သွားကြည့်တာတော့ ဆက်တိုက်ပြနေတယ်။”

တကယ်တော့ အိမ်ရှေ့မင်းသမီး Mary Elizabeth ဟာ တခြား လူမှုရေး လုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်နေသူဖြစ်တဲ့အတွက် ဒိန်းမတ် ပြည်သူ၊ ပြည်သားတွေက ချစ်ခင် လေးစားခံရသူတဦးဖြစ်သလို မြန်မာပြည် မသွားခင်ကတည်းကလည်း မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ ကူညီ လုပ်ဆောင်ပေးသူ တဦးဖြစ်ပါတယ်။


“ကျနော်သိတာက ခရစ္စမတ်ပြက္ခဒိန်မှာ ဗမာပြည်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် ဒိန်းမတ်က လှူတယ်။ ခရစ္စမတ်ရန်ပုံငွေအတွက် ရောင်းတဲ့ ဒိန်းမတ်ယဉ်ကျေးမှု ဖုရောင်းတိုင်တို့ ဘာတို့ - ၂၄ နိုင်ငံကိုလှူတဲ့ထဲမှာ ဗမာက တရက်ရတယ်။ အဲဒါက ဒိန်းမတ်ကြက်ခြေနီကလုပ်တာ။ သို့ပေမယ့် ဒိန်းမတ် ကြက်ခြေနီကလုပ်တဲ့ ပရိုဂရမ်တိုင်းက အောင်မြင်ချင်မှ အောင်မြင်တာ။ မင်းသမီးပါလာရင် ပိုအောင်မြင်တယ်။ သူက လူထုကြားထဲမှာ ထင်ရှားတာပေါ့။”

မင်းသမီး Mary ဟာ ၃ ရက်ကြာ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အစ သောကြာနေ့ တုန်းကတော့ ရန်ကုန်မြို့မှာရှိတဲ့ Marie Stope International – MSI ဆေးခန်းကို သွားရောက်လည်ပတ်ခဲ့ပြီး UNFPA ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ရုံးမှာ ကျင်းပတဲ့ ကလေးငယ်တွေရဲ့ ဖျော်ဖြေပွဲကိုလည်း တက်ရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။

အိမ်ရှေ့မင်းသမီး Mary Elizabeth နဲ့အတူ ဒိန်းမတ်အစိုးရက ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Rasmus Helvey Petersen လည်း မြန်မာနိုင်ငံကို လိုက်ပါသွားပြီး မြန်မာနိုင်ငံက ဒိန်းမတ်နိုင်ငံအပေါ် တင်နေတဲ့အကြွေး ဒိန်းမတ် ခရိုနာ ၂၉၅ သန်းကို လျှော်ပေးလိုက်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန်နဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ တွေ့ဆုံအပြီး တရားဝင် ကြေငြာလိုက်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေကို လျှော်ပေးလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ အပြုသဘောဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဒိန်းမတ်အစိုးရအနေနဲ့ ထောက်ခံ အားပေးကြောင်း ပြသလိုက်တာပဲ ဖြစ်တယ်လို့ ဝန်ကြီး Petersen က ပြောပါတယ်။
XS
SM
MD
LG