သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေပရိသတ်တို့အကြား ဒီ သီတင်းပတ် အမေးအဖြေတွေထဲမှာ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေ ပေါ်လာရေး၊ အပြောနဲ့အလုပ်မညီသေးတဲ့ နိုင်ငံတော်သမ္မတကြီးအပေါ်မှတ်ချက်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအကြား စည်းလုံးရေး၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမသွားခင်နဲ့ သွားပြီးကာလ အပြောင်းအလဲ၊ စီးပွားရေးကုမ္ပဏီထောင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်တာ၊ နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ယူခွင့်ရရေး၊ NLD ရဲ့ထုတ်ပြန်ချက်တွေ လူထုကြားပြန့်နှံ့ရေး စတာတွေနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ဆွေးနွေး ဖြေကြားထားပါတယ်။

ပထမဆုံး သောတရှင် မင်းဝေက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အလုပ်သမားသမဂ္ဂတွေ ပေါ်လာရေး ကြိုးစားမယ်ဆိုတဲ့ မေဒေးနေ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ မေးမြန်းထားပါတယ်။

မေး။ ။ NLD က ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂပေါ်ဖို့ လုပ်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။ ဖြစ်နိုင်ခြေ လည်းရှိမယ်ထင်ပါတယ်။ NLD က လုပ်မယ်ဆိုရင် နောက်က လိုက်မယ့်သူရှိသလို အာဏာပိုင်တွေလည်း တော်ရုံ မထိရဲပါဘူး။ အခြားလူတွေလုပ်ရင်တော့ အမှုန့်ခြေခံရမှာပါ။ NLD ဆိုတာလည်း အန်တီစုရှိမှ အန်တီစု ဦးဆောင်နေမှ သူတို့လန့်တာပါ။ ကျနော်မေးချင်တာကတော့ အခုဖွဲ့မယ့် အလုပ်သမားသမဂ္ဂကို ဘယ်လိုပုံစံဖွဲ့မလဲဆိုတာပါ။ ကွန်ယက်လိုပဲလား၊ တရားဝင်အဖွဲ့အစည်းတရပ်လို လုပ်မလား သိချင်ပါတယ်။ ပြည်သူပိုင်စက်ရုံက အလုပ်သမားဝန်ထမ်းတွေကတော့ ပါဝင်ဖို့ခက်ပါတယ်။ ပုဂ္ဂလိကစက်ရုံ အလုပ်သမား ၀န်ထမ်းတွေမှာလည်း အလုပ်ရှင်မျက်နှာ ကြည့်ကြရမှာပါ။ ဒီတော့ ဘယ်လိုလူတွေ ဘယ်လိုပုံစံနဲ့ ပါဝင်ခွင့် ရအောင်လုပ်မလဲ၊ အလုပ်သမားသမဂ္ဂမှာပါလို့ အရေးယူလာရင် အကာအကွယ်ပေးနိုင်မယ့် အခြေအနေရော ရှိပါသလား။ အန်တီစု တတ်နိုင်သလောက် ဖြေပေးစေချင်ပါတယ်။

ဖြေ။ ။ အလုပ်သမားသမဂ္ဂနဲ့ပတ်သက်လို့ မပြောခင် အန်တီတို့ NLD က မေဒေးနေ့ကထုတ်တဲ့ ကြေညာ ချက်ပါ ရိုက်နှိပ်ချက်အမှားတွေကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်လို့ မပြင်လိုက်ရတာကြောင့် အဓိပ္ပါယ် မရှင်းလင်းတာတွေ ပါလို့ရှိရင် တောင်းပန်ပါတယ်။
အလုပ်သမားသမဂ္ဂတွေဆိုတာ အလုပ်သမားတွေအခြေခံပြီး အလုပ်သမားတွေက လွတ်လွတ်လပ်လပ် ဖွဲ့ရမှာပါ။ ဘယ်အစိုးရ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ အုပ်စီးပြီး လုပ်ရမှာမဟုတ်ပါဘူး။ ဒ့ါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အလုပ်သမားတွေ ဒီမိုကရေစီကွန်ယက်ထဲ ပါဝင်ပြီး မိမိတို့ကဏ္ဍကို ပီပီပြင်ပြင်လုပ်နိုင်ဖို့ တတ်နိုင်တဲ့နည်းတွေနဲ့ ကြိုးစားကူညီပေးသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေ ပေါ်ထွန်းလာတဲ့အခါမှာလည်း ဒီသမဂ္ဂတွေရဲ့ အခွင့်အရေးတွေ နိုင်ငံ တကာနှုန်းနဲ့ကိုက်ညီဖို့ အဖွဲ့ချုပ်က တစိုက်မတ်မတ် ဆက်လက် လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ ဒီလို အခွင့် အရေးတွေကို ကာကွယ်ဖို့ မြှင့်တင်ဖို့ဆိုတာ အလုပ်သမားတွေကိုယ်တိုင်က ကြိုးစားဖို့က အထူးလိုပါတယ်။
အပြည်ပြည်ဆိုင်ရာ စံနှုန်းအရဆိုရင် အစိုးရ စက်ရုံအလုပ်သမားတွေလည်း မိမိတို့ အခွင့်အရေးတွေကို ကာကွယ်ဖို့ သမဂ္ဂတွေဖွဲ့စည်းနိုင်ခွင့် ရှိရမှာပါ။ အခုလောလောဆယ်မှာ အလုပ်သမားတွေ စွမ်းရည်မြှင့်တင် ရေးကို ဦးတည်တဲ့ ဆွေးနွေးပွဲတွေကို ဒီလအတွင်း အဖွဲ့ချုပ်မှာ ပြုလုပ်ပါမယ်။ ILO နဲ့လည်း အဖွဲ့ချုပ်က အမြဲပဲ ထိတွေ့နေပြီး အလုပ်သမားတွေ အခွင့်အရေးကိစ္စတွေကို ဆွေးနွေး ပြောဆိုနေပါတယ်။

လေးစားရပါသော အမေခင်ဗျားလို့ အစချီ၊ နှစ်သစ်မှာ ကျန်းမာစေဖို့ ဆုတောင်းပေးပြီး သမ္မတကြီးက အပြောကောင်းသလောက် လက်တွေ့မဖြစ်သေးတဲ့အပေါ် ဝေဖန်ရင်း အကွဲကွဲ အပြားပြားဖြစ်နေတာတွေ စည်းလုံးရေး သောတရှင် သီဟနိုင်က အကြံပေး တိုက်တွန်းထားပါတယ်။

မေး။ ။ အစကတည်းက ယဉ်သကိုဆိုသလို .အပြောကောင်းတဲ့ နိုင်ငံတော်သမ္မတကြီးလည်း ပြောချင်တာ တွေ ပြောသွားပါတယ်၊ လုပ်သင့်တာတွေတော့ လုပ်မပေးသေးပါဘူး။ တကယ်သာ လုပ်ပေးချင်တယ် စေတနာရှိတယ်ဆိုရင်ဖြင့် ဘာကိုမှ စောင့်စရာမလိုဘဲ လုပ်လို့ရပါလျက် အမျိုးမျိုး အကြောင်းပြပြီး အပြော တွေနဲ့သာ နှစ်သိမ့်နေခဲ့တာပါ။
အမှန်အတိုင်းဝန်ခံရရင်တော့ သူ့မိန့်ခွန်းဆိုတာကြီး သူဖတ်ပြတာ ကြားကာစကတော့ ဟုတ်သယောင်ယောင် ထင်ရောင်ထင်မှား ဖြစ်ခဲ့မိပါတယ်။ အခုတော့လည်း ဒါပါပဲ။
အခုမေးချင်တာလေးကတော့ အမေ့အနေနဲ့ ပြည်တွင်း ပြည်ပကလူတွေကို ဒီထက်ပိုပြီး စည်းရုံးဖို့ ပိုပြီး ထိရောက်တဲ့ အစီအစဉ်များ ရှိပါသလားခင်ဗျာ။ ကျွန်တော့်အမြင်တော့ များပြားလှတဲ့ အဖွဲ့အစည်းတွေနဲ့ ကွဲပြားနေမယ့်အစား တစ်စုတစည်းတည်း၊ တစ်သံတည်း ထွက်စေချင်ပါတယ်။ အထူးသဖြင့် ပြည်ပက အဖွဲ့အစည်းတွေကို ဒီထက်ပိုပြီး စည်းလုံးစေချင်ပါတယ်။ အမေ တစ်ခုခု အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးစေ ချင်တယ်။ သူတို့ဝမ်းချတာ စောင့်နေလို့ကတော့ ဘာမှ ထူးတော့မယ်မထင်ပါ (ပျားရည်နဲ့ ၀မ်းချတယ်ဆိုတဲ့ မြန်မာစကားပုံကို ပြောတာပါ အမေ။) လိုအပ်မယ် ထင်တာတွေကို စတင်ဆောင်ရွက်ပေးပါလို့ အကြံပေး တိုက်တွန်းပါရစေ။

ဖြေ။ ။ အခုအစိုးရအသစ်က ပြောတာထက် လုပ်ပြဖို့က လိုတယ်ဆိုတာကို အမေတို့လည်း သဘောတူပါ တယ်။ ဒ့ါကြောင့် အမျိုးသားရင်ကြားစေ့ရေးအတွက် အမြဲပဲ တံခါးဖွင့်ထားတယ်ဆိုပေမဲ့ ဟိုဘက်က လာနိုး လာနိုးနဲ့ ဘာမှမလုပ်ဘဲ ထိုင်စောင့်နေတဲ့သဘောတော့ မဟုတ်ပါဘူး။ အမေတို့လုပ်ဖို့လုပ်တဲ့ နိုင်ငံရေး စီးပွား ရေးလုပ်ငန်းတွေကို အချိန်မပြတ် လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ အားလုံးက တညီ တညွတ်ထဲရှိဖို့ အရေးကြီးတယ်ဆိုတာကို အမေတို့အားလုံး သိကြပါတယ်။ ဒ့ါကြောင့်လည်း ညီညွတ်ရေး အတွက် တတ်အားသမျှ ကြိုးစားတာပါ။
တဘက်ကလည်း ဒီမိုကရေစီ သဘောထားအရ မတူကွဲပြားမှုတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုထားတာ ကြောင့် ညီညွတ်ရေးတည်ဆောက်တဲ့နေရာမှာ ကွဲပြားတဲ့ အတွေးအခေါ်တွေကို လေးစားပြီး ရင့်ကျက်တဲ့ အမြင်နဲ့ အတူပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်ရမယ်လို့ ထင်ပါတယ်။

မင်းလှိုင် (တောင်ညွန့်) ဆိုတဲ့ သောတရှင်ကတော့ လွှတ်တော်အမတ်တွေ လေသံအပြောင်းအလဲအပေါ် မှတ်ချက်ပေး ဝေဖန်ထားပါတယ်။

မေး။ ။ အမတ်တွေ ရွေးကောက်ပွဲနီးခါနီးနဲ့ လွှတ်တော်ထဲဝင်ဖို့ သွားခါနီးကတော့ ရေဒီယိုတွေထဲမှာ အပြောချောလို့ပါ။ ပြုမယ် ပြင်မယ် ဝေဖန်မယ် ကြားရပါတယ်။ အခု လွှတ်တော်သတင်းတွေ ဖတ်ရတော့ ဆင်ဆာဖြတ်သလားတော့ မသိပါ၊ ပြောသံ မကြားမိပါဘူး။ ကမ္ဘာက အရေးယူတာတွေ ပြန်ရုပ်ဖို့အဆိုကျ တော့ မြန်လိုက်တဲ့ ဆုံးဖြတ်ချက်၊ သူတို့ကတောင် ထောက်ခံလိုက်သေးတယ်။ အမေစုရေ အဲဒီ အမတ်တွေနဲ့ တွေ့ရင် ပြောပေးပါဦး။ ရွေးကောက်ပွဲကာလကလို လူတွေထဲ ပြန်ဆင်းပါဦးလို့။ ကျနော်တို့ပြောချင်တာတွေ အများကြီးပါ။

ဖြေ။ ။ အန်တီတို့က ရွေးကောက်ပွဲမ၀င်ခဲ့တဲ့ ပါတီဆိုတော့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေနဲ့ မတူတဲ့ အမြင်သဘောထားတွေ ရှိပါတယ်။ မဲထည့်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ မကျေနပ်မှုတွေရှိရင် ကိုယ်တိုင် သက်ဆိုင်တဲ့ကိုယ်စားလှယ်တွေကိုပြောတာ အကောင်းဆုံးဖြစ်မှာပါ။ ကိုယ်စားလှယ်တွေက ပြည်သူတွေထဲ မဆင်းရင်တော့ စာနဲ့ရေးပြီးပြောလို့ရှိရင် ကောင်းမယ်ထင်ပါတယ်။

နိုင်ငံရေးပါတီတွေ စီးပွားရေးကုမ္ပဏီထောင်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို မေးထားသူကတော့ ရှမ်းပြည်နယ် လင်းခေးမြို့နယ်က စိုင်းဝင်းဆိုသူ သောတရှင်ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံရေးအဖွဲ့အစည်းတွေ စီးပွားရေးဝင်လုပ်တာ ကျနော်တော့ မဟန်ဘူးထင်ပါတယ်။ လာဘ်ပေး လာဘ်ယူတွေ များလာမှာပေါ့။ ဒီပါတီကြီးတွေက လွှတ်တော်တွေ၊ ပြည်နယ်အစိုးရအဖွဲ့မှာဆို ၀န်ကြီးနေရာ တွေတောင် ယူထားတာပါ။ အခြားနိုင်ငံတွေမှာလည်း အလားတူ နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်တာ ရှိမရှိတော့ မသိပါ။ ကျနော်တို့နိုင်ငံအတွက်တော့ မကောင်းဘူးထင်ပါတယ်။ အာဏာနဲ့ငွေကြေးပေါင်းရင် ပျက်တတ်ပါတယ်။ ကျနော်ကတော့ ဒီလူတွေ ဒီပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်သတိပေးရင် ရမယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုလည်း အားလုံး ကျယ်ကျယ်ပြန့်ပြန့်သိအောင် ရေဒီယိုကနေ ဖြေကြားပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ဖြေ။ ။ ကျမတို့က နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ငန်းတွေ ထူထောင်တဲ့ကိစ္စကို သတိကြီးစွာနဲ့ ချဉ်းကပ် သင့်တယ်လို့ ထင်တာကို အရင်ကတည်းက ပြောဖူးပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အကျိုးအမြတ် ငဲ့နေရ တာနဲ့ပဲ အဖွဲ့အစည်းတခုဟာ နိုင်ငံရေးကို ဘယ့်လောက် စင်စင်ကျယ်ကျယ်၊ မှန်မှန်ကန်ကန် လုပ်နိုင်မလဲ ဆိုတာ ချင့်ချိန်ဖို့ အရေးကြီးပါတယ်။
ကမ္ဘာတ၀န်းမှာ နိုင်ငံရေးပါတီတွေကို စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် ဆောင်ရွက်ပိုင်ခွင့် ပေးထားတဲ့နိုင်ငံ တွေရှိသလား၊ ဘယ်နှခုရှိသလဲဆိုတာကို ကျမ မသိပါဘူး။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံကြီးတွေ မှာတော့ ဒီလိုလုပ်ပိုင်ခွင့်မရှိပါဘူး။
ကျမအနေနဲ့ တခြားနိုင်ငံရေးပါတီတွေကို ဘာလုပ်သင့်တယ် မလုပ်သင့်ဘူးလို့ ပြောဖို့ မသင့်တော်ဘူး ထင်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တာစူနေတဲ့ နိုင်ငံရေးပါတီတွေကိုတော့ သတိပေးချင်ပါ တယ်။ သတိပေးချင်တာက ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုကို ထိခိုက်စေမယ့် လုပ်ငန်းမှန်သမျှကို နိုင်ငံ့ အတွက် လုပ်နေပါတယ်လို့ဆိုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတိုင်းက ရှောင်ရှားသင့်ပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ယူခွင့်မရတာနဲ့ပတ်သက်လို့ မေးထားသူကတော့ တန့်ဆည်မြို့က ဝေဖြိုးဆိုတဲ့ သောတရှင်ပါ။

မေး။ ။ political science ကို ကျွန်တော့်သူငယ်ချင်း တက္ကသိုလ်ကျောင်းသားတွေက မကြားဖူးလို့ပါ တဲ့ဗျာ၊ ဒါကြောင့် မေးချင်တာက political science ကိုကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာကြောင့် မသင်ရ သလဲဆိုတာ၊ နောက် နိုင်ငံရေးဆိုတာ ဘာ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘာ၊ အန်တီစုရဲ့အမြင်ကို သိချင်ပါ တယ်ခင်ဗျာ။

ဖြေ။ ။ အရင်တုန်းက ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံကို အပိုဘာသာတွဲအဖြစ် သင်ခဲ့ပါတယ်။ အခု တော့ ဘာသာရပ်တခုအနေနဲ့တောင်မှ မသင်တော့ဘူးလို့ နားလည်ပါတယ်။
နိုင်ငံရေးသိပ္ပံခေါင်းစဉ်အောက်မှာ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဒီအတွေးအခေါ်တွေရဲ့ သမိုင်း၊ နိုင်ငံရေးဝါဒ တွေ၊ နိုင်ငံရေးဒဿနိကတွေ၊ နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေနဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ဆိုင်တဲ့ သဘောတရား တွေ၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွေ စတာတွေပါဝင်ပါတယ်။ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးသိပ္ပံရယ်လို့ မသင်တော့တာ အထက်ပါကိစ္စတွေအကြောင်း ပြည်သူတွေသိသွားမှာ စိုးလို့လားလို့ ထင်စရာဖြစ်နေပါ တယ်။
နိုင်ငံရေးဆိုတာကတော့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးနဲ့သက်ဆိုင်တဲ့ အရေးတွေလို့ပဲ အန်တီက ရိုးရိုးလေး အဓိပ္ပာယ်ဖော်ချင်ပါတယ်။ အဲဒီအရေးတွေထဲမှာ ကိုယ့်နိုင်ငံရဲ့အစိုးရနဲ့ သက်ဆိုင်တဲ့အရေးတွေက ထိပ်တန်း ကရှိနေပါတယ်။
တိုတိုနဲ့ပြောရမယ်ဆိုရင် ပြည်သူပြည်သားတွေက မိမိတို့ရဲ့အကျိုးကို အမှန်စင်စစ် သယ်ပိုးပေးမယ့်၊ သယ်ပိုး ပေးနိုင်မယ့် အစိုးရဖြစ်ပေါ်ရေးကို အဓိကထားပြီး လုပ်ဆောင်ချက်တွေဟာ နိုင်ငံရေးလုပ်ချက်တွေပဲလို့ပဲ ပြောရမှာပါ။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့က သောတရှင် ကိုအောင်ထွန်းဦးကတော့ NLD က ဖြန့်ဝေချက်တွေ အလွယ်တကူ မရတာနဲ့ ပတ်သက်ပြီး အကြံပေးထားပါတယ်။

မေး။ အန်တီခင်ဗျား NLD အဖွဲ့က ဖြန့်ဝေတဲ့ ကြေညာချက်တွေ၊ စီဒီခွေတွေကို ကျွန်တော်တို့တတွေ ဖတ်ချင် လို့ လေ့လာချင်လို့ မြို့နယ်ပါတီဝင်တွေဆီ သွားတောင်းပါတယ်။ ရတဲ့အခါလဲ ရှိတယ်၊ မရတဲ့အခါလဲ ရှိပါ တယ်။ တချို့ ကျေးရွာကလူတွေဆို ဖတ်လဲမဖတ်ဖူး၊ ကြည့်လဲမကြည့်ဖူးပါဘူး။ ဒါနဲ့ပတ်သက်လို့ မေးကြည့် တော့ မြို့နယ်တာဝနှ်ိသူတွေက ကြေညာချက်ဆိုတာကလဲ တမြို့နယ် တစောင်သာရကြောင်း၊ စီဒီခွေဆိုတာလဲ တမြို့နယ် တခွေတောင်မဟုတ်ဘူး၊ တတိုင်းလုံးမှ တခါတလေ တခွေသာရောက်ကြောင်း၊ ပြန်ကူးဖို့ဆိုတာ အခက်အခဲရှိကြောင်း ဆိုင်တွေက ကူးမပေးရဲကြောင်း၊ ကူးပေးတော့လည်း ဈေးပိုပေးရကြောင်း။ မြို့နယ်ရန်ပုံ ငွေလဲမရှိတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖို့ ငွေကြေးအခက်အခဲရှိကြောင်း ပြောပါတယ်။ ဒီလို ၀ါဒဖြန့်ချိရေးတွေ အားနည်းနေတာနဲ့ပတ်သက်ပြီး အန်တီအနေနဲ့ ရှေ့အစီအစဉ်တွေ ဘယ်လိုရှိပါသလဲ ကျွန်တော်သိချင်ပါ တယ်။ နယ်ကလူတွေ အထူးသဖြင့် ကျေးလက်က လူတွေအတွက် အစီအစဉ်လေးတွေ ပြုလုပ်ပေးစေချင် ပါတယ်။

ဖြေ။ ။ ကိုအောင်ထွန်းဦး ဒီလို အန်တီတို့သိရအောင်လို့ ပြောလိုက်တာကို အင်မတန်မှ ကျေးဇူးတင်ပါ တယ်။ အဖွဲ့ချုပ်ဗဟိုက ကြေညာချက်တွေ၊ စီဒီတွေကို ပိုမိုပြီးတော့ ထုတ်ပါမယ်။ တချိန်ထဲမှာလည်း ဘယ် တိုင်းတွေ၊ ဘယ်မြို့နယ်တွေက ထပ်ဆင့်ပွားရေး၊ ဖြန့်ချိရေးအတွက် ဘယ်လောက်လုပ်နေကြတယ်၊ ဘယ်လောက် လုပ်နိုင်ကြတယ်ဆိုတာကို အသေအချာ စိစစ်ပါ့မယ်။
သတင်းဖြန့်ချိရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အန်တီတို့လည်းသိတာမို့ အများပြည်သူက NLD လုပ်ဆောင်ချက်တွေနဲ့ ထိတွေ့မှု အမြဲရှိနေနိုင်ဖို့ ကြိုးစားနေပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီးတော့ စနေညဘက်အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါ တယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင် ပေးပို့ထားလို့ရပါတယ်။

XS
SM
MD
LG