သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လူထု သောင်းသောင်းဖြဖြ ကြိုဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပအပြန် ခရီးကို ကြိုဆိုခဲ့ကြတဲ့ ရန်ကုန်မြို့က ပြည်သူတချို့။ (ဇွန်လ ၃၀၊ ၂၀၁၂)

ဥရောပ ၅ နိုင်ငံခရီးကနေ ဒီကနေ့ ဇွန်လ ၃၀ ရက် စနေ့ မနက်က ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ အဖွဲ့ဝင်တွေအပြင် လူထုက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ရန်ကုန်က နေအိမ်မှာ ခဏနားနေပြီး ဇူလှိုင်လ ၄ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးကို သွားတက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်အပြန်ခရီးကို လူထုက ဘယ်လိုကြိုဆိုခဲ့ကြသလဲ ဆိုကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဥရောပ ခရီးစဉ်တွေကနေ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက် ၁၀ နာရီခွဲကျော်မှာ ရန်ကုန်လေဆိပ်ကို ရောက်ပါတယ်။ NLD ပါတီရဲ့ခေါင်းဆောင်တွေ၊ NLD ပါတီဝင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ လူထုနဲ့အတူ အနုပညာရှင်တွေပါ ရန်ကုန်မင်္ဂလာဒုံ လေဆိပ်အပြည့် လာရောက် ကြိုဆိုခဲ့ကြပါတယ်။ NLD အလံတွေ ဝှေ့ယမ်းပြီး လေဆိပ်ထဲနဲ့ လေဆိပ်အထွက် လမ်းတလျှောက် သောင်းနဲ့ချီတဲ့ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုတဲ့မြင်ကွင်းနဲ့ လုံခြုံရေး အခြေအနေတွေ ကိုတော့ မြန်မာပြည်အခြေစိုက် ဂျပန် NHK သတင်းဌာနရဲ့ သတင်းထောက် ကိုသီဟဆွေက အခုလိုပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေယာဉ်ပျံက နောက်ကျဝင်တယ်။ ၉ နာရီလောက်မှာ လေယာဉ်ဝင်ရမယ့်ဟာကို ၁၀ နာရီကျော်လောက်မှာ ဝင်ပါတယ်။ လေဆိပ်တခုလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုတဲ့လူတွေနဲ့ပေါ့ဗျာ။ တခါမှတော့ ကျနော်တို့ ဒါမျိုး မမြင်ဖူးဘူးပေါ့။ ဆင်းလာတဲ့အချိန်မှာလည်း ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ စသည်ဖြင့် ကြိုဆိုတဲ့အသံတွေကလည်း လေဆိပ်တခုလုံး ဟိန်းနေတာပေါ့။ လေဆိပ်ကနေထွက်တဲ့ လမ်းတလျှောက် ဘေးဘီဝဲယာမှာလည်း ကြိုနေကြတဲ့အတွက် လမ်းကလည်း ပိတ်ဆို့သွားတယ်ခင်ဗျ။ လုံခြုံရေးကတော့ ကျနော်တို့ လမ်းတလျှောက်မှာ လုံခြုံရေး ထူထူထပ်ထပ် ချထားတာ တွေ့ရတယ်။ တင်းကျပ်တယ်လို့တော့ ပြောလို့မရဘူး။ relax တော့ relax ပေါ့နော်။ ဒါပေမဲ့ တလမ်းလုံး အိမ်အထိကတော့ ကျနော်တို့ လမ်းဘေးမှာ ကျနော်တို့ ရဲလုံခြုံရေးတွေ ဓာတ်တိုင်တတိုင် တစုလောက်ကို တွေ့ရပါတယ်။”

မင်္ဂလာဒုံလေဆိပ်နဲ့ လေဆိပ်အထွက် လမ်းတလျှောက် လူထုက NLD အလံတွေ ဝှေ့ယမ်း ကြိုဆိုသလို အိမ်အဝင် တက္ကသိုလ်လမ်းမကြီး တလျှောက်လည်း လူထုက တိုးမပေါက်အောင် စောင့်ဆိုင်း ကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် နေအိမ်ရှေ့မှာ စောင့်နေကြတဲ့ လူထုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခြံအဝကနေ ထွက်ပြီး လက်ပြ နှုတ်ဆက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တော့ အိမ်မှာပဲ နားနေပြီး ဇူလှိုင်လ ၄ ရက်နေ့ကျရင် နေပြည်တော်မှာ ကျင်းပမယ့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းဝေးကို တက်ဖို့အတွက် နေပြည်တော်ကို ဇွန်လ ၃ ရက်နေ့မှာ သွားမယ်လို့ NLD ပါတီ ဖျာပုံမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။ လွှတ်တော်သွားတက်မှာပါ။ ကျနော်တို့ ၂ ရက် ၃ ရက်ကို သွားကြမှာပါ။ အခုလည်း တချို့ ၂ ရက်နေ့ကစပြီး ထွက်ကြတော့မှာပါ။ ကျနော်တို့ကတော့ ၂ ရက်နေ့ ည သွားမှာပါ။”

NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ဇူလှိုင်လ ၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်တွေ နေပြည်တော်ကို သွားကြမယ့်အကြောင်း ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၅ နိုင်ငံကို ဇွန်လ ၁၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ခရီးထွက်နေတာဖြစ်ပါတယ်။ ဒီခရီးစဉ်တလျှောက် ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေ၊ ဒေသခံ နိုင်ငံသားတွေ အပြင် အဲဒီဥရောပ နိုင်ငံတွေကိုရောက်နေတဲ့ မြန်မာလူထုတွေက ခမ်းခမ်းနားနား ကြိုဆိုခဲ့ကြတာ ဖြစ်ပြီး အခု ရန်ကုန်ပြန်လာစဉ် လူထုရဲ့ ကြိုဆိုမှုဟာလည်း နိုင်ငံအတွက် အင်မတန်ကို ထူးခြားတဲ့ မြင်ကွင်းလို့လည်း သတင်းထောက် ကိုသီဟဆွေက သုံးသပ်ပါတယ်။

“ကျနော်တို့ နိုင်ငံခေါင်းဆောင်၊ တိုင်းပြည်ရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်တွေ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးနဲ့ လာတဲ့ ခေါင်းဆောင်တွေ ကိုမှပဲ ဒီလို ကြိုတဲ့အလေ့အထ ရှိပါတယ်။ ဆိုတော့ ဒီနေ့ကတော့ အဲဒီလို ပုံစံမျိုးပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထောက်ခံတဲ့ လူတွေက အဲဒီလို ကြိုဆိုကြတာကို တွေ့ရတာပေါ့နော်။ နောက် နိုင်ငံရေးလှုပ်ရှားမှု တခုလို့တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် မြင်တယ်ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ဥရောပခရီးစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြတာ မတွေ့ရတဲ့အခါ ကျနော်တို့ ငြင်းကြခုန်ကြတာ နိုင်ငံရေးလောကမှာရော မီဒီယာ လောကမှာရော ကျနော်တို့ ကြားရပါတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါမှုတွေကို တနည်းတဖုံ ထုတ်ဖော်ပြဖို့အတွက်ကို အောင်မြင်တယ်လို့ ကျနော်တို့ ပြောရမှာပါခင်ဗျ။”

မြန်မာပြည် အခြေစိုက် ဂျပန် NHK သတင်းဌာနရဲ့ သတင်းထောက် ကိုသီဟဆွေ သုံးသပ်ခဲ့တာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်တဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ညီလာခံမှာ မိန့်ခွန်းပြောခဲ့သလို နော်ဝေနိုင်ငံ အော်စလိုမြို့မှာတော့ သူ့ကို ၁၉၉၁ ခုနှစ်က ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် နိုဘဲလ် မိန့်ခွန်း ပြောတာပြင် နော်ဝေနိုင်ငံ ဘာဂင်မြို့မှာလည်း Rafto လူ့အခွင့်အရေးဆုကို လက်ခံခဲ့ပါတယ်။

အဲဒီနောက် အိုင်ယာလန်နိုင်ငံဘက် ခရီးဆက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) ကချီးမြှင့်တဲ့ Ambassador of Conscience ဆုကို လက်ခံပါတယ်။ နောက်တော့ ဗြိတိန်နိုင်ငံမှာ ဗြိတိန် နိုင်ငံရဲ့ အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ရော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်စတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဗြိတိသျှပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒါ့အပြင် တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနဲ့လည်း လန်ဒန်မြို့မှာ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံကို နောက်ဆုံးသွားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ ပြင်သစ်သမ္မတ Francois Hollande၊ သမ္မတဟောင်း နီကိုးလက်စ်ဆာကိုဇီ အပြင် ပြင်သစ်အစိုးရ အဖွဲ့တချို့နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သလို ပါရီမြို့တော်သူ ဆုကိုလည်း ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့ပါတယ်။ အခု ဥရောပ ၅ နိုင်ငံခရီးစဉ်တွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပရောက် မြန်မာတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG