မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သောကြာနေ့ကစပြီး ရွှေတောင်ကုန်း တရားရိပ်သာမှာ ၃ ရက်ကြာ တရားစခန်းဝင်မှာဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ်ဘဝနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ချိန်တွေအတွင်းမှာ တရားထိုင်တဲ့အလေ့အကျင့်နဲ့ စိတ်ဓါတ်ကြံ့ခိုင်စေခဲ့တယ်လို့ အများက သုံးသပ်ကြပါတယ်။ ဘန်ကောက်မြို့ကနေ ဒေါ်ခင်မျိုးသက်က အပြည့်စုံ တင်ပြထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစပြီး ရွှေတောင်ကုန်းရိပ်သာမှာ တရားစခန်း ဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဉာဏ်ဝင်းကပြောပါတယ်။
“ဟုတ်ပါတယ်။ ဒီနေ့ပဲ ရန်ကုန် ရွှေတောင်ကုန်းရိပ်သာမှာ တရားစခန်းဝင်မယ်၊ ဒီနေ့သွားပြီဆိုတာ သိရတယ်။ အနည်းဆုံး ၃ ရက်တော့ ကြာမှာပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက်က သံဃာတော်တွေကို ဆွမ်းဆပ်ကပ်ခဲ့ပြီး အခု ၃ ရက်ကြာ တရားထိုင်ဖို့ သွားရောက်တာဖြစ်ပါတယ်။ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစပြီး ၂၂ နှစ်တာကာလအတွင်း အထီးကျန်ကာလတွေဟာ သူ့အတွက် အခက်အခဲမရှိ ဗုဒ္ဓတရားတွေကို နှလုံးသွင်းပြီး ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခုနောက်ဆုံး နေအိမ်အကျယ်ချုပ်ဘဝနဲ့ ၇ နှစ်တာ နေထိုင်ခဲ့ရတဲ့ကာလအတွင်းမှာလဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ရင်ဆိုင်ခဲ့ရတဲ့ အမွေမှု၊ အိမ်ပြင်တဲ့ကိစ္စ ကန့်ကွက်မှုတွေအပြင် ဆွေမျိုးတဦးရဲ့ ခြံဝန်းထဲကမြေကွက် ဖဲ့ရောင်းဖို့ကြိုးစားတဲ့ မိသားစုပြဿနာတွေ အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်မှုကြောင့် နှစ်ရှည်လများ လက်တွဲခဲ့သူတချို့ ပါတီထဲကနေ ခွဲထွက်သွားတာနဲ့ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုအမျိုးမျိုးကို ခံခဲ့ရတာမို့ မနှစ်က ဧပြီလထဲ ရန်ကုန်ဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးကုသမှုကို ခံယူခဲ့ရပါတယ်။
နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးမှာ အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနှစ်က မေလထဲမှာဖျက်သိမ်းခံခဲ့ရတဲ့ NLD ပါတီ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းနေရသလို မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေ ဆွေးနွေးဖို့အတွက် လာရောက်ကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရင်း အနာဂတ် လူငယ်တွေအတွက်ပါ ဦးဆောင်မှုတွေ ပေးနေခဲ့တာပါ။
အခုတရားရိပ်သာဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့တကွ လတ်တလောတိုက်ပွဲတွေ ဆင်နွှဲနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို အပစ်အခတ်ရပ်စဲဖို့နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပါဝင်ကူညီဖို့ မနေ့ကပဲ ကမ်းလှမ်းလိုက်သလို ပြည်သူလူထုနဲ့ ထိတွေ့မယ့် နယ်စည်းရုံးရေး ခရီးတွေကိုလည်း သြဂုတ်လဆန်းကစပြီး သွားရောက်တော့မှာဖြစ်ပါတယ်။