သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တောင်အာဖရိက ချီးမြှင့်


ဒေါ်စုကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တောင်အာဖရိက ချီးမြှင့်
ဒေါ်စုကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ တောင်အာဖရိက ချီးမြှင့်

မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တခု ချီးမြှင့်လိုက်ပါတယ်။ ဒီဆုကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာ့စဘတ်မြို့မှာ အောက်တိုဘာ ၄ ရက်နေ့ကျရင် အခမ်းအနား ကျင်းပပြီး ချီးမြှင့်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက အဲဒီဆုကို သွားရောက် လက်ခံယူမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘာကြောင့် ဒီဆုကို သွားပြီးမယူတာလဲ ဆိုတာကိုတော့ ဒေါက်တာစိန်ဝင်းက အခုလိုပြောပါတယ်။

“အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က နိုဘဲလ်ငြိမ်းချမ်းရေးဆုကနေ စလိုက်တာ သူကိုယ်တိုင် ဆုကို မယူဘူးလေ။ သူ့ကိုယ်စား တယောက်ယောက်ကို သွားပြီးတော့ ယူခိုင်းတာပဲ။ ဒီတခါတော့ ကျနော့်ကို ကိုယ်စားလွှဲတယ်။ သူ့ကိုယ်စားပေါ့ သွားယူပါဆိုလို့ ကျနော် သွားယူရတာပေါ့။ ရှင်းရှင်းပြောရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က နိုင်ငံခြားကို ထွက်ချင်လို့ရှိရင် မြန်မာပြည်ကို ပြန် ဝင်နိုင်မဝင်နိုင် ဆိုတာ မသေချာလို့ပဲ။”

ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံက ဆုချီးမြှင့်တာဟာ စတုတ္ထအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်က ၁၉၉၇ ခုနှစ်မှာ ချီးမြှင့်ခဲ့တာဖြစ်ပြီး နာတယ်လ် ဥပဒေတက္ကသိုလ်က ပေးအပ်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုဖြစ်ပါတယ်။ အဲဒီတုန်းက ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ်စ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက် ယူခဲ့ပါတယ်။ ဒုတိယတကြိမ်ကတော့ ၂၀၀၇ ခုနှစ်မှာ Cape Town တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုဖြစ်ပြီး တောင်အာဖရိကနိုင်ငံက နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Desmond Tu Tu) က ကိုယ်စား တက်ရောက် လက်ခံယူခဲ့ပါတယ်။ တတိယအကြိမ်ဆုကတော့ ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ချီးမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လှုပ်ရှားမှုတွေအတွက် ပေးအပ်တဲ့ မဟတ္တမဂန္ဒီဆု (MAGI award) ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုနဲ့အတူ နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတွေ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာဆုတွေ အမြောက်အများ ရရှိထားသူဖြစ်ပါတယ်။ ဒီဆုတွေထဲက အများစုဟာ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ်ကာလတွေမှာ ရခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG