ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်တို့ကို ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုထားတဲ့ အမှုကို လာမယ့် အောက်တိုဘာလ ၂၇ ရက်၊ ကြာသပတေးနေ့မှာ အမှုလက်ခံမခံ ကြားနာမှာဖြစ်ပါတယ်။ အမွေဆိုင်အိမ် အမှုရဲ့ အဓိက ငြင်းချက်တွေမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက် မချရသေးဘဲ အနိုင်ရထားပြီးပြီလို့ ဦးအောင်ဆန်းဦးရဲ့ ကြိုတင်ပြောဆိုတဲ့ အချက်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြစ်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
နေအိမ်နဲ့ခြံ ပိုင်ဆိုင်လိုမှုနဲ့ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ပေါ် တရားစွဲဆိုထားတဲ့ အမှုမှာ ရုံးတော်ရဲ့ ဆုံးဖြတ်ချက် တစ်စုံတရာမရှိသေးဘဲ အဓိက စွဲဆိုချက်တွေမှာ အနိုင်ရထားပြီးပြီလို့ ပြောခဲ့တဲ့ ဦးအောင်ဆန်းဦးကိုရော၊ ဖော်ပြတဲ့ မော်နီတာ ဂျာနယ်ကိုပါ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ တရားပြန်ဆွဲထားတာ ဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်မတိုင်ခင် အမှုအခြေအနေကို ကြိုတင်ပြောဆိုတာဟာ တရားရုံးကို မထီမဲ့မြင်ပြုတာဖြစ်ပြီး ဒီကိစ္စကို ဥပဒေနဲ့အညီဖြစ်ရေးအတွက် ပြန်လည်ဖွင့်ထားတဲ့ ဒီအမှုကို လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့မှာ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ အမှုကို လက်ခံသင့်မသင့် ကြားနာမှာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါအကျိုးဆောင်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ဦးအောင်ဆန်းဦးက ပြောတယ်။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်တဲ့အမှုမှာ အဓိက ငြင်းချက်တွေပေါ့နော်။ major issue တွေ သူ အနိုင်ရပြီးပြီတဲ့။ တဘက်က မရမက ယူထားလိုတဲ့ကိစ္စကြောင့်သာ ဖြစ်တယ်။ ဒါဟာ နောင်မှာ ပြေလည်သွားမယ်ပေါ့။ အဲဒီလိုပြောတယ်။ ကျနော်တို့က ဒီတရားရုံးမှာ ဘယ်အကြောင်းအရာကိုမှ အဆုံးအဖြတ် မပြုရသေးဘူး။ အမှုက စစ်ဆဲတန်းလန်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပစ္စည်းကို မရမကယူထားလိုတယ်လို့ ပြောတယ်။ အဲဒီအချက်တွေဟာ တရားရုံးကို အနှောက်အယှက်ပြုရာ ကျတယ်၊ တရားရုံးကို သြဇာလွှမ်းမိုးတာ ကျတယ်။ မထီမဲ့မြင်ပြုရာ ကျတယ်။ အဲဒါကို ကျနော်တို့ စွဲတာပါ။ မဆုံးဖြတ်ရသေးတဲ့ အချက်အလက်တွေ၊ အဲဒီလိုဟာမျိုးကို ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီလိုထုတ်ဝေခွင့် မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က ဥပဒေနဲ့အညီ ဖြစ်ရေးအတွက် ကျနော်တို့ ဦးအောင်ဆန်းဦးနဲ့ အဲဒီ ဂျာနယ်ထုတ်တဲ့ ထုတ်ဝေသူရယ်၊ ရေးသားတဲ့အယ်ဒီတာရယ်၊ အဲဒါတွေကို ကျနော်တို့ တရားစွဲတင်ခဲ့ပါတယ်။ လက်ခံရေး လက်မခံရေး ကြားနာမယ်။ အဲဒီတော့ ကျနော်တို့ဘက်က လျှောက်လဲချက်ပေးရမှာပေါ့။”
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေတဲ့ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို အမွေဆိုင်အဖြစ် ပိုင်ဆိုင်လိုမှုနဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးဟာ ၂၀၀၁ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို တရားမမှုနဲ့ အမှုစွဲဆိုထားတာ ဖြစ်ပါတယ်။
“တရားမမှုတွေမှာ တရားလိုရှိတယ်။ တရားလိုပြ သက်သေရှိတယ်။ တရားပြိုင် ရှိတယ်။ တရားပြိုင်ပြ သက်သေရှိတယ်။ အဲဒီမှာ တရားလိုဘက်ကို စစ်ပြီးပြီ။ တရားပြိုင်ဘက်ကို ဒေါ်အောင်ဆန်းစုကြည် အတွက် ကိုယ်စားလှယ် ဦးထွန်းတင်လည်း စစ်ပြီးပြီ။ တရားပြိုင်ပြ သက်သေတွေ ဆက်စစ်ဖို့အဆင့် ရောက်နေပါပြီ။ ဒါပေမဲ့ ကျနော်တို့ ဒီဥစ္စာက ဥပဒေအရ သိပ် သိသာထင်ရှား မြင်သာတဲ့ကိစ္စပါ။ လက်ခံမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”
ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒီအမှုကို ဦးဉာဏ်ဝင်းနဲ့အတူ ရှေ့နေကြီး ဦးကြည်ဝင်း တို့က လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဒီအမွေဆိုင်အမှုနဲ့ပတ်သက်တဲ့ ဆောင်းပါးကိုမထုတ်ဝေခင် အချက်အလက်တွေကို ကာယကံရှင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးဆီကို အကြိမ်ကြိမ်ပြပြီးမှ ထုတ်ဝေခဲ့တာဖြစ်တယ်လို့ တရားဆွဲခံထားရတဲ့ မော်နီတာ ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ပြောပါတယ်။
“ကျနော်တို့ ကိုအောင်ဆန်းဦးကို အကြိမ်ကြိမ် ပြတယ်ခင်ဗျ။ အကြိမ်ကြိမ်ပြပြီး သူ့ဘက်က pass ပေးမှ ကျနော်တို့ ဒီဟာကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ voice ပါ။ သူ့ရဲ့ အာဘော်ဖြစ်ပါတယ်။ ဒါက အင်တာဗျူး ဖြစ်ပါတယ်။ အင်တာဗျူးမှာဖော်ပြတဲ့ စကားလုံးတွေသည် ကာယကံရှင်ရဲ့ အာဘော်ပဲဖြစ်ပါတယ်။ ကျနော်တို့က ဒါကို ပြင်ဆင်ဖြတ်တောက်ခွင့် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ဒီဟာကို ကိုအောင်ဆန်းဦးရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ဝေခြင်း ဖြစ်ပါတယ်။”
မော်နီတာဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်လုံခြုံရေးအတွက် အိမ်ပြင်ဆင်တုန်းက ဦးအောင်ဆန်းဦးဟာ ဒီ အိမ်ပြင်ဆင်မှုမှာ သူ့ခွင့်ပြုချက်မပါတဲ့အတွက် ရပ်ဆိုင်းဖို့ တရားရုံးကို ကန့်ကွက် တိုင်ကြားခဲ့ပေမဲ့ တရားရုံးက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။