သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်နိုင်ငံရေးအကျဉ်းသား ဒေါ်စုကြိုဆို


လွတ်မြောက်နိုင်ငံရေးအကျဉ်းသား ဒေါ်စုကြိုဆို
လွတ်မြောက်နိုင်ငံရေးအကျဉ်းသား ဒေါ်စုကြိုဆို

မကြာသေးခင်က အကျဉ်းထောင်တွေတွင်းက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိဆိုပြီး နိုင်ငံရေးကို ခံစားချက်နဲ့မလုပ်ဘဲ ယုံကြည်ချက်နဲ့လုပ်ကြဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်က NLD ရုံးချုပ်မှာပြုလုပ်တဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေကို ဂါရဝပြုပွဲနဲ့ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုပွဲတွင်း အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ရန်ကုန်၊ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီရုံးချုပ်မှာ မကြာသေးခင်ရက်ကမှ အကျဉ်ထောင်တွေတွင်းက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုတဲ့ပွဲနဲ့အတူ ဝါရင့် နိုင်ငံရေးသမားကြီးတွေကို ဂါရဝပြုတဲ့ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အားလုံးဟာ အမှန်တရားကို အခြေခံထားတဲ့ ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက်စွဲကိုင်ရင်း အလုပ်ဆက်လုပ်ကြဖို့ အဓိက တိုက်တွန်းခဲ့ပါတယ်။

“ကျမတို့က နိုင်ငံရေးလုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့ ယုံကြည်ချက်နဲ့ ခံစားချက်နဲ့ မတူဘူးဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ အဲဒီတော့ ယုံကြည်ချက် ဆိုတာဟာ အမှန်တရားပဲ။ ကိုယ်မှန်ကန်တယ်လို့ ထင်တာကို ကိုယ်ယုံကြည်တယ်။ မှန်တယ်လို့ ယုံကြည်ရဲ့သားနဲ့ စွဲစွဲမြဲမြဲ မကိုင်ထားဘူးဆိုရင် ကိုယ့်လိပ်ပြာကို ကိုယ်ဘယ်လိုလုပ်ပြီးတော့ ရင်ဆိုင်မှာလဲ။ တကယ် ကိုယ့်လိပ်ပြာမလုံတဲ့အလုပ်ကို လုပ်မယ်ဆိုရင် အကျဉ်းထောင်ထဲမှာပဲ ဖြစ်စေ၊ အကျဉ်းထောင် အပြင်မှာပဲဖြစ်စေ တကယ် လွတ်မြောက်တယ်ဆိုတာ မရှိနိုင်ပါဘူး။ ငါ လိပ်ပြာသန့်သန့်နဲ့ ငါ မှန်တယ် ထင်တဲ့ကိစ္စကို ငါ လုပ်နေတယ်၊ လုပ်လည်း လုပ်ခဲ့တယ်၊ နောက်လည်း ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတဲ့ အားလုံးက ချီတက်သွားနိုင်မယ်ဆိုရင် မလွဲမသွေ ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ သံသယ လုံး၀ မရှိနိုင်ပါဘူး။”

ဒါ့အပြင် ပြည်သူရဲ့ဆန္ဒ၊ ပြည်သူရဲ့အသံနဲ့ အမြင်တွေကို တန်ဖိုးထားကြဖို့နဲ့ ပြည်သူနဲ့ တသားတည်းရှိဖို့ ကိုလည်း ထောက်ပြခဲ့ပါတယ်။

“အလုပ်ပြန်လုပ်ဖို့ ရောက်လာလို့ ကြိုဆိုပါတယ် ဆိုတဲ့အခါကျတော့ ပြည်သူကို လေးစားပါ။ ပြည်သူရဲ့ အမြင်ကို တန်ဖိုးထားပါ။ ပြည်သူတွေ ဘာလိုချင်တယ် ဆိုတာကို နားလည်ပါ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူရဲ့ ရှေ့မှာ သိပ်ပြီးရောက်နေလို့လည်း မဖြစ်ဘူး။ နောက်မှာ သိပ်ပြီးရောက်နေလို့လည်း မဖြစ်ဘူးဆိုတာ၊ ဒီလိုပြောကြတယ်ဆိုတာ အားလုံး သိပြီးသားပဲဖြစ်ပါတယ်။ တချို့တွေက ပြောတယ်ပေါ့နော်၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ နိုင်ငံရေး နားမလည်ဘူး။ ဒါက တဘက်ကနေ ကြည့်ရင်လည်း ဟုတ်နိုင်ပါတယ်။ သူတို့ ပလေတိုလည်း မသိဘူး။ အရစ္စတိုတယ် လည်း မသိဘူး။ ဒီလိုဟာမျိုး ဖြစ်နိုင်ပါဘူး။ နိုင်ငံရေး ဝေါဟာရတွေ မကျွမ်းကျင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်သူဟာ ဖြောင့်မတ်တယ် ဆိုတာကို သူတို့သိတယ်။ ဘယ်သူ့ကို သူတို့ ယုံကြည်ရမယ်ဆိုတာ သူတို့သိတယ်။ ဘယ်သူ့ကို သူတို့ တန်ဖိုးထားရမယ်ဆိုတာ သိတယ်။ အဲဒီလောက် သိပြီဆိုရင် ဒါ နိုင်ငံရေး အများကြီး နားလည်တယ်လို့ ကျမတို့ သတ်မှတ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ ဒီနိုင်ငံကို ဦးဆောင်တဲ့သူများဟာ ဖြောင့်မတ်ရမယ်၊ အားကိုးသင့်တဲ့သူများ ဖြစ်ရမယ်။ လုပ်ရည်ကိုင်ရည် ပြည့်စုံတဲ့သူများ ဖြစ်ရမယ်။ အဲဒါကို ပြည်သူပြည်သားတွေက သိတယ်။ ဒါကြောင့် ကျမတို့ အားလုံးဟာ ယုံကြည်ချက် အပြည့်အဝနဲ့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို လိပ်ပြာသန့်သန့်နဲ့ အမြန်ဆုံး ရောက်နိုင်ပါစေလို့ ကျမ အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။

ဒါကတော့ ဒီကနေ့ မနက် NLD ရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစိတ်တပိုင်းဖြစ်ပါတယ်။ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ ဦးနိုင်ငွေသိန်း၊ သခင်လှကွန်း၊ ဦးသာပန်း၊ ဗိုလ်အောင်နိုင်၊ ဦးအုန်းမောင် (ရွေတောင်) ဦးထွေးမြင့်၊ ဦးကျော်စိန် စတဲ့ ဝါရင့် နိုင်ငံရေးသမားကြီးတွေကို ဂါရဝပြုတဲ့ ပွဲအပြီး မကြာသေးခင်ကမှ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုပြီး ထောက်ပံကြေးနဲ့ လက်ဆောင်ပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် သူတို့တွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်ရေး အတွက် စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးတွေ လိုအပ်သလို အကျဉ်းထောင်တွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်လွတ်လာဖို့လည်း အရေးကြီးတယ်လု့ိ NLD ပါတီပြောခွင့်ရသူ ဦဉာဏ်ဝင်းက ပြောပါတယ်။

“အခုချိန်မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်လာတယ်။ အချို့က ကျန်နေတယ်။ အဲဒီတော့ ကျန်နေသေးတဲ့ ပုဂ္ဂိုလ်တွေ လွတ်မြောက်ဖို့အတွက် အခုလွတ်မြောက်လာတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အတွက် အန္တရာယ်မရှိဘူး၊ ဒီမိုကရေစီရေးကို ရိုးသားစွာ ယုံကြည်ဆောင်ရွက်သူများဖြစ်တယ်။ ဒါကိုလည်း ကျနောတို့ သက်ဆိုင်ရာတွေကိုလည်း သိစေချင်တယ်။ နိုင်ငံတကာကိုလည်း သိစေလိုတယ်။ အဲဒီသဘောလည်း ပါပါတယ်။ ကျနော်တို့ ဒီကနေ့ကျင်းပတဲ့ ပွဲက။”

NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ပွဲမှာ လွတ်လာတဲ့ထဲက လူရွှင်တော်ဇာဂနာ၊ တောင်ကြီးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင်၊ အင်းတော်မြို့နယ် NLD က ဦးစောလှိုင် အပါအဝင် လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၁၀၀ နီးပါး တက်ရောက်ခဲ့သလို လူရွှင်တော်ဇာဂနာက မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်လို့ ထောင်ကျတယ်ဆိုတဲ့ အစဉ်အလာကို ဖျက်ကြဖို့ သူရဲ့ ကျေးဇူးတင်နှုတ်ဆက်စကားမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG