သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလွတ်မြောက်မှု နေပြည်တော် ဝန်ထမ်းများ အားတက်


ဒေါ်စုလွတ်မြောက်မှု နေပြည်တော် ဝန်ထမ်းများ အားတက်
ဒေါ်စုလွတ်မြောက်မှု နေပြည်တော် ဝန်ထမ်းများ အားတက်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြတဲ့အထဲမှာ နေပြည်တော်က အစိုးရဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ မပြေလည်တဲ့ လက်ရှိဘဝတွေ အပေါ် မကျေမနပ် ဖြစ်နေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် သူတို့ဘဝတွေ အပြောင်းအလဲ ဖြစ်လာတော့မယ်ဆိုတော့ မျှော်လင့်ချက်တွေ ရှိလာကြတယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်လို့ သတင်းတွေ စထွက်ကတည်းက ရန်ကုန်မြို့က သူမနေအိမ်နဲ့ NLD ရုံးချုပ်ရှေ့မှာ လူတွေ ထောင်နဲ့ချီ ကြိုဆိုနေကြသလိုပဲ နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ ဝန်ထမ်းတွေ ကြားမှာလည်း ဒေါ်စုလွတ်မယ့် သတင်းကို ဝမ်းပန်းတသာနဲ့ စောင့်ပြီး နားထောင်တာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ရဲ့ လက်ရှိ စားဝတ်နေရေး၊ အစစ အဆင်မပြေ ဖြစ်နေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အတွက် နေပြည်တော်ကို ရောက်နေကြတဲ့ စစ်အစိုးရ ဝန်ထမ်းတွေဟာ သူတို့ဘဝတွေမှာ ပြောင်းလဲမှု ရှိလာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာတဲ့အကြောင်း နေပြည်တော် ဒေသခံတဦးက ပြောပြပါတယ်။

“ဒီမှာ အမေစု လွတ်လာတယ်ဆိုတော့ ကျနော်တို့ လူငယ်တွေရော လက်ဖက်ရည်ဆိုင်တွေမှာ ပြောကြ ဆိုကြနဲ့ တော်တော် နှစ်ထောင်းအားရတဲ့ ပုံစံနဲ့ပေါ့။ ကျနော်က ဘုန်းကြီးကျောင်းတွေ ဘာတွေနဲ့လည်း အဆက်အသွယ်ရှိတော့ သံဃာတော်တွေ အနေနဲ့လည်း တော်တော်လေး အားရကျေနပ် ပျော်ရွှင်နေကြတာပေါ့။ မျှော်လင့်ချက်လေးတခု ရလာတယ်လို့ပဲ ပြောရမလား မသိဘူး၊ အကုန်လုံးတော့ ဝမ်းသာနေကြတာပါပဲ။

“ဒီမှာက သူတို့အတွက် အစစ အရာရာ အဆင်မပြေနိုင်ဘူး။ ရုံးတွေနဲ့ သူတို့ ဝန်ထမ်းအိမ်ရာနဲ့ကလည်း အဝေးကြီးတွေ၊ အဲတော့ အစစ အရာရာ ရာသီဥတု ဘာညာရော သူတို့ ဒီမှာတော့ မပျော်ကြဘူးဗျ။ အပြောင်းအလဲလေးတခု ဖြစ်လာမယ်ဆိုရင် သူတို့လည်း တော်တော် ကျေနပ်မယ် ထင်တာပဲ။ အခု ဒီမှာတော့ သူတို့အတွက် အစစ အရာရာ အဆင်မပြေဘူးဗျ။ ဒီမှာ အဆင်ပြေတယ် ဆိုတဲ့လူတွေက ရုံးမှာ တော်တော်ရာထူးကြီးတဲ့လူ၊ ရုံးကားရှိတဲ့ လူတွေကတော့ အဆင်ပြေရင် ပြေမှာ။ သာမန်ဝန်ထမ်းတွေကတော့ အစစ အရာရာ စီးပွားရေးရော၊ ကလေးတွေရဲ့ ပညာရေးက အစ အခက်အခဲတွေ ရှိတော့ သူတို့လည်း စိတ်မချမ်းသာဘူးပေါ့။”

ဝန်ထမ်းတွေဟာ တခြားထွက်ပေါက် မရှိတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အတွက် အားကိုးစရာတခု ဖြစ်လာတယ်လို့ တခြား နေပြည်တော် ဒေသခံတဦးကလည်း အခုလို ပြောပြပါတယ်။

“လတ်တလောက ဘာမှ ထွက်ပေါက်မရှိ ပိတ်နေကြတဲ့ အခါကြတော့ အားကိုးရှာကြတာပေါ့၊ ဒါပဲ။ ဒါပေမဲ့ တခုရှိတာက နေပြည်တော်က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့က ဒေါ်စု ဘာလုပ်ပေးမလဲ၊ ဘာလုပ်မလဲ၊ ဒါပဲ အားကိုးရှာတာ။ သူတို့ ဘာလုပ်မလဲ ဆိုတာကတော့ မရှိဘူးနော်၊ လောလောဆယ်မှာလေ။ သူတို့မှာ ရှေ့ကနေ ဘယ်လို ဦးဆောင်ရင် ဘာလုပ်လိုက်မယ်ဆိုတဲ့ စိတ်မျိုးတော့ အခုထိ သိပ်မရှိသေးဘူး။ အဲဒါမျိုးကတော့ ကျနော်ထင်တယ်၊ ဒေါ်စုကိုယ်တိုင်က ပျိုးထောင်ပေးမှ ရမယ်။ သူတို့မှာ ထွက်ပေါက် ပိတ်နေကြတဲ့ အပေါ်မှာ အားကိုးရာတခု အနေနဲ့ အားကိုးနေကြတာ။

“ဒါပေမဲ့ ဒေါ်စုကလည်း သူ့မိန့်ခွန်းမှာ ပါပါတယ်၊ ပြည်သူလူထုကြီးကလည်း ပါဝင်ဆောင်ရွက်မှ၊ ပြည်သူလူထုကြီးရဲ့ ပံ့ပိုးမှု လိုပါတယ်လို့ ပြောတယ်။ အဲဒီလို ပံ့ပိုးမှု အပိုင်းမှာတော့ ပါဝင်ဆောင်ရွက်မှု နည်းနည်း အားနည်းနေလိမ့်ဦးမယ်၊ ကျနော်တို့ နယ်မှာတော့၊ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်ပေါ့။ ကျနော်တို့ ပျဉ်းမနားက နေပြည်တော် ဖြစ်လာပြီးတဲ့နောက်မှာ တော်တော်လေး အကြောက်တရား ကြီးသွားတယ်ဗျ။ ကြီးသွားတော့ ဒီဘက် နဂို ပျဉ်းမနားဆိုတဲ့မြို့ပဲဖြစ်ဖြစ်၊ အခု အသစ်ဖြစ်နေတဲ့ နေပြည်တော်ဆိုတဲ့ ဧရိယာမှာဖြစ်ဖြစ်၊ အဲဒီကတော့ ပိုဆိုးတာပေါ့ ဝန်ထမ်းတွေချည်းပဲဆိုတော့၊ အကြောက်တရားတော့ ပိုကြီးကြပါတယ်။ ရန်ကုန်လူထုလိုတော့ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ အပြည့်အ၀ မပြနိုင်ကြဘူးပေါ့ဗျာ။”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ် ပျဉ်းမနား၊ နေပြည်တော် ကြပ်ပြေးဒေသမှာရှိတဲ့ စစ်အစိုးရ ဝန်ထမ်းတွေအကြား တုံ့ပြန် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် သူမကို ထောက်ခံ အားပေးသူတွေတင် မကပါဘူး၊ နေပြည်တော်မှာရှိတဲ့ စစ်အစိုးရ ဝန်ထမ်းတွေကပါ အဆင်မပြေတဲ့ သူတို့ဘဝတွေကို ပြောင်းလဲမှု ဖော်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝမ်းပန်းတသာ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG