သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်မည်


ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပနိုင်ဖွယ်ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ရွေးချယ်ခံဖို့ ရည်ရွယ်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နေရာတိုင်းမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် နေ့ရက်နဲ့ နေရာတွေကို တိတိကျကျ မကြေညာသေးတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ်၊ NLD ပါတီက ဘယ်သူတွေ ဝင်ရောက်မယ်ဆိုတာတော့ တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ ဒီအကြောင်း အပြည့်စုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ သပိတ်မှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ ပါတီကို ပြန်လည်မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် အရင်တပတ်ထဲမှာပဲ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်စားလှယ်အဖြစ် အရွေးခံဖို့ အခုနောက်ဆုံး ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ NLD ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ တွေမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီနောက်မှာတော့ အခုနှစ်ကုန်ပိုင်းလောက်မှာ ကျင်းပဖွယ်ရှိတဲ့ လစ်လပ်သွားတဲ့ လွှတ်တော်တွင်းနေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်အရွေးခံသွားမှာ ဖြစ်တယ်လို့ NLD ရဲ့ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပါဝင်ယှဉ်ပြိုင်ဖို့ သူ ရည်ရွယ်ချက်ရှိပါတယ်။ ဘယ်နေရာက ပြိုင်ရမယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ဘာမှ မဆုံးဖြတ်ရသေးဘူး။ ကော်မရှင်ကလည်း ကြေညာချက် မထွက်သေးပါဘူး။”

လောလောဆယ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၂ နေရာ လစ်လပ်နေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရင် ဒီလစ်လပ်နေတဲ့ နေရာ ၄၀ ကျော်ကို NLD ပါတီကပါဝင်ဖို့ ရည်ရွယ်ထားပြီး ဘယ်သူတွေ ပါဝင်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ အားလုံး ဝင်နိုင်ဖို့ စဉ်းစားထားပါတယ်။ အဲဒါ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ညှိနှိုင်းပါဝင်မယ်ဆိုတာလဲ မဆုံးဖြတ်ရသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို လက်မခံတာကြောင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် ပါတီကို ပြန်လည် မှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲမှာလည်း မဲမပေးဘဲနေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့သလို အစိုးရဘက်ကလည်း ဒီမိုကရေစီရေးကို ဦးတည်တဲ့ ပြောင်းလဲမှုတချို့ရှိလာတဲ့နောက်မှာတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော်ကိုယ်စားလှယ် ၄၈၅ နေရာရှိတဲ့အနက် ၃၉၂ နေရာ အနိုင်ရခဲ့တာဖြစ်ပေမဲ့ စစ်အစိုးက ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာဖြစ်ပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အရွေးခံမယ်ဆိုရင်တော့ ဒါဟာ ပထမဆုံးအကြိမ် အဖြစ် ရွေးကောက်ပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။

XS
SM
MD
LG