သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၀ ရလဒ် အသိအမှတ် မပြုခြင်းကို NLD က အမြဲကန့်ကွက်မည်


မကြာခင်က ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားများကို နှုတ်ဆက်ဂုဏ်ပြု အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ မေ ၂၇၊ ၂၀၁၁။
မကြာခင်က ပြန်လွတ်လာသည့် နိုင်ငံရေး အကျဉ်းသားများကို နှုတ်ဆက်ဂုဏ်ပြု အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။ မေ ၂၇၊ ၂၀၁၁။

၁၉၉၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် သမိုင်းတွင်ခဲ့ပြီး အရေးပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုပေးဖို့ ပြောနေတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အာဏာတောင်းနေတာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို မလေးစားခဲ့တာကြောင့် ပြောနေရတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ၁၉၉၀ မေလ ၂၇ ရက် ရွေးကောက်ပွဲ ၂၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောလိုက်တာပါ။ ဒါ့အပြင် ဒီရွေးကောက်ပွဲအပေါ် တခြား နိုင်ငံရေး ပါတီတွေရဲ့ သဘောထားတွေကို မသင်းသီရိက စုစည်း တင်ပြပေးထားပါတယ်။

၁၉၈၈ လူထုဆန္ဒကို ဖော်ထုတ်ခဲ့တဲ့ လှုပ်ရှားမှုကြီးကနေ ပေါက်ဖွားလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲဟာ ဒီနေ့ဆိုရင် ၂၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံအတွက် သမိုင်းတွင် ကျန်ရစ်တဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲတခု ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပြီး အသိအမှတ် မပြုခဲ့တဲ့ လုပ်ရပ်တွေ အပေါ်မှာ NLD ပါတီက အခုချိန်ထိ ထောက်ပြ ပြောဆိုနေတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့၊ စကားပြောတဲ့ ဟာတွေထဲမှာ သမိုင်းမှာ ကျန်ရစ်ခဲ့ပြီဆိုတဲ့ အသုံးအနှုန်းကို တချို့က သုံးပါတယ်။ ကျမတို့ရဲ့ ရွေးကောက်ပွဲကို သမိုင်းနဲ့ နှိုင်းယှဉ်ပြီး ပြောရတယ် ဆိုရင်ကို ဒီရွေးကောက်ပွဲဟာ ဘယ်လောက် အရေးပါခဲ့တယ် ဆိုတာကို အသိအမှတ် ပြုတာပဲ။ သမိုင်းနဲ့ကို ချီပြီးတော့ ဒီရွေးကောက်ပွဲက အရေးကြီးခဲ့တယ် ဆိုတာကို ကျမတို့ မမေ့သင့်ပါဘူး။

“ကျမတို့ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့။ ပြည်သူလူထုကို မျှော်လင့်ချက်တွေ ပေးပြီးတော့ ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့။ မလုပ်ကောင်းတဲ့ ကိစ္စဆိုတာ ဒီတိုင်းပြည်ရဲ့ သမိုင်းအတွက် မကောင်းဘူး။ ကျန်ခဲ့တဲ့သမိုင်း မဟုတ်ဘူး၊ နောင်လာမယ့် သမိုင်းအတွက်လည်း မကောင်းဘူး။”

ဒီကနေ့ ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD ပါတီ ရုံးချုပ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားမှာ စာတမ်းဖတ်ပွဲနဲ့အတူ မကြာသေးခင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နှုတ်ဆက်ဂုဏ်ပြုတဲ့ အခမ်းအနားတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီ ရှိပြီလို့ မပြောနိုင်သလို ဒီမိုကရေစီဆိုတာ ပြည်သူလူထုကို ဘယ်လောက်လေးစားတဲ့ အစိုးရ ဖြစ်မလဲဆိုတဲ့ စံနှုန်းတွေနဲ့သာ တိုင်းတာဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

“ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ မရှိတဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေဆိုတာ ရှိပါတယ်။ တကယ် နိုင်ငံတနိုင်ငံအတွက် အရေးကြီးတာဟာ ပြည်သူလူထုကို ဘယ်လောက် အလေးထားသလဲ၊ ပြည်သူလူထုရဲ့ ကောင်းကျိုးအတွက် အစိုးရလုပ်တဲ့ သူတွေက ဘယ်လောက် လုပ်ပေးရသလဲ။ လုပ်ပေးနိုင်သလဲ မဟုတ်ဘူး၊ ဘယ်လောက် လုပ်ပေးရသလဲ။ လုပ်ပေးနိုင်ပေမဲ့ မလုပ်ပေးတဲ့သူတွေ ရှိတယ်။ ဘယ်လို အဆောက်အအုံတွေ ရှိလဲ၊ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေရှိလဲ၊ ဘယ်လို အထောက်အပံ့တွေရှိလဲ ဆိုတာ အဲဒါ အရေးအကြီးဆုံးပါပဲ။ ဒီနိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီဘက်ကို ဦးတည်နေပြီလား ဆိုတာ ကျမတို့ ကြည့်ရမှာပေါ့။”

ဒီမိုကရေစီဘက်ကို တကယ်ပဲ ဦးတည်နေပြီ ဆိုရင်တော့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံးပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးရေး မရှိသ၍တော့ ဘယ်လို ကတိတွေပဲပေးပေး၊ ဘယ်လို စကားလှလှတွေပဲ ပြောပြော အဲဒါကတော့ ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်နေတာတော့ ကျမတို့ ခံယူချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေပဲ။ ဒီပုဂ္ဂိုလ်တွေကို တရားဥပဒေနဲ့အညီ အကျဉ်းချခဲ့တာလား၊ တရားဥပဒေနဲ့အညီ စစ်ဆေးခဲ့ကြတာလား၊ တရားဥပဒေနဲ့အညီ ဖမ်းဆီးခဲ့တာလား။ အဲတော့ အဲဒီဟာတွေ မရှိခဲ့ဘူးဆိုရင် ဒီတိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး မရှိဘူးဆိုတာ အင်မတန်မှ ရှင်းပါတယ်။”

ဒါ့အပြင် အကျဉ်းထောင်တွေက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ တာဝန်သိမှုတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခုဖြစ်တဲ့ လုပ်ရဲတာ သတ္တိမဟုတ်ဘဲ ခံရဲတာသာ သတ္တိဖြစ်တယ်ဆိုတဲ့ စကားကို လက်ကိုင်ထားကြရင်း မဆုတ်မရွံ့ ဆက်ပြီး လူထုအတွက် ရပ်တည်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်ဘဲ မနှစ် ၂၀၁၀ က နောက်ထပ် ရွေးကောက်ပွဲတခု ထပ်ကျင်းပခဲ့ပြီး အခုဆိုရင် အရပ်သား အစိုးရကို အာဏာလွှဲပေးလိုက်ပါပြီ။ ဒီလို ဆယ်စုနှစ် ၂ စုနီးပါးကြာမှ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၂ ခုကို ယှဉ်ကြည့်မယ်ဆိုရင် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူထု စိတ်ဝင်စားမှုက ကွာဟ ခြားနားခဲ့ပေမဲ့ ပြောစရာတခု အနေနဲ့ ကျန်ရစ်ခဲ့တာကလွဲရင် ကျန်တာတွေကတော့ အချိန်လွန်နေပြီလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အဖွဲ့က ဦးသုဝေက သုံးသပ်ပါတယ်။

“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အများကြီး လွတ်လပ်တာပေါ့။ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်၊ လူတွေကလည်း တက်တက်ကြွကြွနဲ့ စိတ်ပါဝင်စားစွာ ရှိနေတဲ့ အချိန်ကာလပေါ့။ ၂၀၁၀ ရွေးကောက်ပွဲကျတော့ လူတွေကလည်း ဟိုတုန်းကလို မတက်ကြွတော့ဘူး။ ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှု ဆိုတာလည်းပဲ ဟိုတုန်းကလို မရှိဘူးပေါ့။ အဲဒီလို ရွေးကောက်ပွဲ အခြေအနေကတော့ ကွာခြားမှု ရှိပါတယ်။ ဒါပေမဲ့ အချိန်အခါတော့ လွန်သွားပြီ။ လူတွေကလည်း ဒါကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဖြစ်လည်း ဖြစ်လာနိုင်မယ့်ဟာ မဟုတ်တော့ဘူး။”

ပြီးခဲ့တဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲတရပ် ပြုလုပ်ခဲ့တယ် ဆိုပေမဲ့ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ ပေါ်ပေါက်လာတဲ့ အစိုးရ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD) က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုပါတယ်။

“ပြည်သူတရပ်လုံး လိုလားတောင့်တမှု မပြည့်စုံတဲ့ ကိစ္စကို ပြောတာ။ အားလုံးကို အာမခံပေးနိုင်တဲ့ အစိုးရ အဖွဲ့အစည်းမျိုး လိုအပ်တယ်။ အားလုံး လက်သင့်ခံနိုင်တဲ့ တရားဥပဒေ တခုကို ရေးဆွဲပေးနိုင်တဲ့ အစိုးရဖြစ်ဖို့ လိုအပ်တယ်။”

ဒီကနေ့ ကျရောက်တဲ့ ၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထားတွေ ဖြစ်ပါတယ်။

XS
SM
MD
LG