သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒေါ်စုနဲ့ တွေ့ဆုံ


ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒေါ်စုနဲ့ တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒေါ်စုနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီ၀ (Abhisit Vejjajiva) ကပြောသလို ဒါဟာ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ် အတွက်သာမက အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေ အတွက်ပါ အရေးကြီးတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဟာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအကြောင်းကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီ၀ ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက် စနေနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီ နီးပါးကြာ တွေဆုံခဲ့ပါတယ်။ ဒါဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် ဖြစ်သလို မစ္စတာ အဘီဆစ်နဲ့အတူ အရင်က နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ကြီးဟောင်းတစ်ဦး၊ ထိုင်းဝန်ကြီးချုပ်ရုံးက ဝန်ကြီးဟောင်းတစ်ဦးနဲ့ လက်ရှိ ထိုင်းသံရုံးက တာဝန်ရှိသူတွေနဲ့ပါဆိုရင် ဧည့်သည် ၇ ဦး လာခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရုံးက တာဝန်ခံ ဦးထင်ကျော်က ပြောပါတယ်။

ဒီတွေ့ဆုံအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ထွက်တွေ့ရာမှာတော့ မြန်မာနိုင်ငံထဲက ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို သူ့အနေနဲ့ ထောက်ခံ အားပေးသွားမှာ ဖြစ်သလို မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ နိုင်ငံတွင်းမှာသာမက ဒေသတွင်းအတွက်ပါ အရေးကြီးတဲ့အကြောင်း သတင်းထောက်တစ်ဦးရဲ့ အမေးကို အခုလို ဖြေသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို ထောက်ခံပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အတွက်ရော ဒေသအတွက်ပါ အရေးကြီးတဲ့ ကိစ္စရပ်ပါ။ ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တော့ မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး အလားအလာ ကောင်းတဲ့ ဒီမိုကရေစီ အနာဂတ်ကို မျှော်ကြည့်ရပါတယ်။ အခြား ကမ္ဘာ့နိုင်ငံတွေလိုပါပဲ၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံတွင်းက ဖြစ်ထွန်း တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့် အကဲခတ်နေပါတယ်။ ပြီးခဲ့တဲ့ ဖြစ်ထွန်းမှုတွေ အတွက်လည်း ကျေနပ်အားရမိပါတယ်။ ဒီလို တိုးတက်မှုတွေ ဆက်ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ထိုင်းနိုင်ငံ နယ်စပ်တွေမှာ နေထိုင်နေကြရတဲ့ မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်လို့လည်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ် က ပျော်ရွှင်မှုတွေနဲ့အတူ အာမခံချက်ရှိတဲ့ ဘဝတွေနဲ့ ကိုယ့် ဒေသရင်းကို ပြန်နိုင်မယ့်နေ့ တနေ့ ရှိမယ်ဆိုတာကို သူ မျှော်လင့်ထားတယ် လို့လည်း ပြောပါတယ်။

“ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တွေ အတော်များများ နှစ်ရှည်လများ ကတည်းက ရှိနေပါတယ်။ သူတို့တွေ တနေ့ အိမ်ကို ပြန်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း ပြန်တယ်ဆိုတဲ့ နေရာမှာလည်း ဒီလူတွေအနေနဲ့ သူတို့နေရာမှာ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် ဘဝရပ်တည်နေနိုင်တဲ့ အခွင့်အလမ်းတွေ ရှိဖို့လိုပါတယ်။”

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီ၀ က သတင်းထောက်တွေကို ဖြေသွားတဲ့ မြန်မာပြည် ဆိုင်ရာ သူ့သဘောထားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ရှိ မြန်မာနိုင်ငံ အခြေအနေတချို့ နဲ့အတူ ထိုင်းနဲ့ မြန်မာနိုင်ငံ တို့ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေထဲက သူတို့ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆွေးနွေး ဖလှယ်ဖြစ်တယ်လို့လည်း ပြောပါတယ်။

မစ္စတာ အဘီဆစ်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ထိုင်းနိုင်ငံမှာ တာဝန်ယူ လုပ်ဆောင်ခဲ့သလို မြန်မာနိုင်ငံကို သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်တွင်း ၂၀၁၀ ခုနှစ်ထဲမှာ တစ်ရက်တာခရီးစဉ် လာရောက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG