သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရပ်တည်ချက်နဲ့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်စုရှင်းလင်း


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုစည်းရုံးပညာပေး ဟောပြောပွဲ တောင်ကြီးခရီးစဉ်၊ (ဓာတ်ပုံ အဖွဲ့ချုပ်ဝင် June Naing ၊ ၂၀၁၄)ရဲ့ FB က ကူးယူပါသည်။-ဇန်နဝါရီ ၂၆
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုစည်းရုံးပညာပေး ဟောပြောပွဲ တောင်ကြီးခရီးစဉ်၊ (ဓာတ်ပုံ အဖွဲ့ချုပ်ဝင် June Naing ၊ ၂၀၁၄)ရဲ့ FB က ကူးယူပါသည်။-ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ် လူထုစည်းရုံးရေး ခရီးစဉ် ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင် အချိန်အတွင်းကပဲ တောင်ကြီးမြို့ ဟောပြောပွဲမှာ ပြည်သူလူထု မေးမြန်းချက်တွေကို ဖြေကြားခဲ့ သလို လက်ရှိ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် လူထု သဘောဆန္ဒကိုလည်း ကောက်ယူခဲ့ပါတယ်။ ဟောပြောပွဲ တက်ရောက်လာသူတွေရဲ့ ပညာရေး၊ လူမှုရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေအပေါ် မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအကြို လူထုစည်းဝေးပွဲတွေကို နိုင်ငံတဝန်း လိုက်လံဟောပြော နေတာမှာ ဒီကနေ့မှာတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကိုလည်း ဟောပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ ဟောပြောပွဲ တက်ရောက်လာသူတွေရဲ့ မေးမြန်းမှုတွေကို ဆက်တိုက် ဖြေကြားခဲ့ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အစဉ်တစိုက် လက်ကိုင်ထားခဲ့တဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရေးကို အဓိကထား ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“ကျမတို့ရဲ့နိုင်ငံကို ဒီမိုကရေစီလမ်းပေါ် စတင်ကတည်းက မှန်ကန်တဲ့၊ တည်ငြိမ်တဲ့ လမ်းစဉ်ဖြစ်တယ်၊ ဘာမဆို ထစ်ကနဲ ထစ်ကနဲ ပဋိပက္ခနည်းနဲ့ လုံးဝမဖြစ်ဘူး။ အဲဒီတော့ လွှတ်တော်ပြင်ပက ပြင်တယ်ဆိုတာ ကျမတို့ လွှတ်တော်ပြင်ပက လုပ်နေတဲ့ကိစ္စ။ ကွန်ယက်ဆိုတာလည်း လွှတ်တော်ပြင်ပ ကနေ လုပ်နေတာပဲ။ အဲဒီတော့ ကျမက ဒီလိုပြောတာ- တချို့က လွှတ်တော် ပြင်ပကဆိုတော့ ဆန္ဒပြပြီးတော့ လူထုအုံကြွမှုကြီး လုပ်ပြီးတော့ဆိုတဲ့ အဓိပ္ပာယ်နဲ့ပြောကြတာ ရှိတယ်။ အဲဒီလို အဓိပ္ပာယ်နဲ့တော့ မမှတ်ယူပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုဟာ လိုအပ်တဲ့အခါမှာ မိမိတို့ရဲ့ဆန္ဒ ဖော်ထုတ်တာ မပါဘူးဆိုတာ လုံးဝမှားတယ်။ သို့သော်လည်း ကိုယ့်ရဲ့ဆန္ဒ သဘောထားများကို အလွဲသုံးစားတော့ လုပ်မပစ်နဲ့။ အပေါစားဖြစ်သွားအောင် လုပ်မပစ်ရဘူး။ တန်ဖိုးထားရမယ်။ လူတိုင်းလူတိုင်းက တန်ဖိုးထားရမယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားရမယ်။

"ကျမတို့ ပြည်သူလူထု တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ အင်အားတွေဟာ အင်မတန်မှ အင်အားရှိတယ်။ တန်ဖိုးရှိတဲ့အင်အားတွေကို အလွယ်နဲ့တော့ မသုံးပစ်နဲ့။ တတ်နိုင်သမျှ အေးအေးဆေးဆေးနဲ့ ဥပဒေဘောင်အတွင်းက ပြင်နိုင်ဖို့ကို ကျမတို့ ကြိုးစားသွားမယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ် ကျမတို့ ဘယ်တော့မှ မထားဘူး။ ကျမတို့ အနှစ် ၂၀ ကျော် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တဲ့အခါမှာ တော်တော်များများက ကျမတို့ကို ပြောကြတယ်။ ဒီလိုနည်းနဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ရမှာမဟုတ်ဘူး၊ အကြမ်းဖက်တဲ့နည်းနဲ့မှ ရမှာ- ကျမက ပြောတယ်။ ကျမတို့က တော့ ယုံကြည်တယ်လို့- အကြမ်းမဖက်တဲ့နည်းနဲ့ ခံနိုင်ရည်ရှိရင် ရမယ်၊ ဖေဖေပြောခဲ့တဲ့စကားလိုပဲ။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတဲ့ဟာက သတ္တိ။ အဲဒါပဲ ပြောမယ်။

"လုပ်ရဲ လုပ်ရဲရမယ်။ ခံလည်း ခံရဲရမယ်။ ဒါပေမယ့် လုပ်ရဲတယ်ဆိုတာ မှန်တဲ့ ကိစ္စကို လုပ်ရဲတာကိုပြောတာ။ မိုက်မိုက်ကန်းကန်း လုပ်ရဲတာကို ပြောတာမဟုတ်ပါဘူးဆိုတာကို ကျမ သေသေချာချာ ပြောပါရစေ။ ကျမတို့ ပြည်သူလူထုရဲ့အင်အားကိုလည်း ကျမတို့ ဘယ်တော့မှ အလွဲသုံးစားမလုပ်ဘူး၊ ကျမတို့ ထိုက်ထိုက်တန်တန်နဲ့ ပြည်သူလူထုကို တန်ဖိုးထားပြီးတော့ ပြည်သူရဲ့ထောက်ခံမှုကို လိုသလိုတော့ ရှင်းရှင်းလင်းလင်း တင်ပြပြီးတော့ တောင်းခံသွားမှာ ဖြစ်ပါတယ်။”

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်သူ့အင်အားကို လိုအပ်ရင် လိုအပ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပွင့်ပွင့်လင်းလင်း တောင်းခံသွားမယ်လို့လည်း သူမက ပြောခဲ့တာပါ။ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူလူထုရဲ့ သဘောထားကိုလည်း ကောက်ယူခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကြီးမြို့ဟောပြောပွဲ တက်ရောက်လာသူတွေက အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် ပညာရေး၊ လူမှုရေးဆိုင်ရာ လက်ရှိ အစိုးရရဲ့မူဝါဒတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ကြပါတယ်။
“ကျနော်က ဘာမေးချင်လဲဆိုတော့ အခု လက်ရှိ တက္ကသိုလ်ကျောင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေကို ကျောင်းဆရာ/ဆရာမတွေက အဲဒါတွေကို ပိတ်ထားတယ်။ ဒီလိုမျိုး မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးကာလမှာ ကျနော်တို့လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လို ပေးစေချင်လဲဆိုတာ ပြောပေးပါ ခင်ဗျ။”

ကျောင်းသားလှုပ်ရှားမှုတွေကို ကျောင်းအာဏာပိုင်တို့က ခွင့်မပြုတဲ့အပေါ် ဒေသခံ ကျောင်းသားတဦးရဲ့ မေးမြန်းချက်ပါ။ ဒေါ်အောင်ဆန်စုကြည်ကတော့ လူငယ် ကျောင်းသားများရဲ့ အင်အားဟာ နိုင်ငံအတွက် သိပ်ကိုအရေးကြီးပြီး ကိုယ့်ရဲ့ ဆန္ဒလုပ်ဆောင်ချက်တွေကို ခွင့်ပြုချက် ရဖို့အတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာတတ်တဲ့ အလေ့အကျင့်မျိုး ပျိုးထောင်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

“ဆရာမတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အလေ့အထတွေကို လုပ်ယူပါ။ တခါတလေ ဆိုရင် လူငယ်တွေက လှုပ်ရှားမှုလုပ်ချင်တယ်ဆိုရင် ထိုက်ထိုက်တန်တန်လုပ်ပါ။ ကိုယ်နယ်လှုပ်ရှားမှု၊ ကိုယ့်ရဲ့အင်အားတွေကို အပေါစားဖြစ်အောင် မလုပ်နဲ့။ အလွဲသုံးစားမလုပ်နဲ့၊ လူငယ့်အင်အားဆိုတာ မနည်းဘူး။ အဲဒီတော့ အဲဒီဟာကို တန်ဖိုးထားပြီးမှသုံးပါ။ ပြီးတော့ ဆရာ ဆရာမတွေ ကြောက်တတ်တယ် ဆိုရင်လည်း ‘ဆရာတို့၊ ဆရာမတို့ရယ်- ထိုင်ပြီးတော့ ကျနော်တို့ဆွေးနွေးရအောင်ပါ - ကြောက်စရာမလိုပါဘူး’ ဆွေးနွေးပေါ့။ ဆွေးနွေးပြီးတော့မှ အဖြေရှာပေါ့။”

ဒီကနေ့ ညနေပိုင်းမှာကျင်းပတဲ့ တောင်ကြီးမြို့ လူထုဟောပြောပွဲမှာတော့ တောင်ကြီးမြို့ခံတွေ အပါအဝင် အနီးအနားက ဒေသခံတွေပါ လာရောက်ခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထု ဟောပြောပွဲတွေ ခပ်စိတ်စိတ် ထွက်ပေါ်လာပေမယ်လို့လည်း လက်ရှိ အာဏာရ အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ပြည်သူတွေနဲ့ တွေ့ဆုံ ဟောပြောပွဲတွေ မရှိသေးပါဘူးရှင်။
XS
SM
MD
LG