သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ပြီး ပြန်လည် သင့်မြတ်ရေးရဖို့ ဒေါ်စု မျှော်မှန်း


ဒေါ်အောင်ဆန်းစုကြည်နဲ့ သာယာဝတီပြည်သူများ တွေ့ဆုံပွဲ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃၊ ဓာတ်ပုံကို ဗဟန်း NLD ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
ဒေါ်အောင်ဆန်းစုကြည်နဲ့ သာယာဝတီပြည်သူများ တွေ့ဆုံပွဲ။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၃၊ ဓာတ်ပုံကို ဗဟန်း NLD ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူထုသဘောထားကောက်ခံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

စစ်အစိုးရလက်ထက်က ရေးဆွဲအတည်ပြု ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ NLD ပါတီကနေ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ လူထု သဘောထားကောက်ခံမှုတွေ ပြုလုပ်နေတာပါ။ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ ပဲခူးတိုင်း သာယာဝတီခရိုင် မြို့မအားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ဖွဲ့စည်းပုံပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး - NLD ပါတီအနေနဲ့ ပြောဆိုနေတာဟာ တိုင်းပြည်အနာဂတ် ကောင်းမွန်ဖို့အတွက် ဖြစ်ပြီး မတည်ငြိမ်အောင် လုပ်ဆောင်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“ကျမတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှသာလျှင် ရှေ့ကို တိုးနိုင်တက်မယ်ဆိုတာကို ယုံကြည်လို့ပဲ။ ကျမတို့ ဒီလိုယုံကြည်လို့ လုပ်တဲ့ဟာကို တချို့က ကျမတို့ကို ဘယ်လိုဝေဖန်လဲဆိုတော့ တိုင်းပြည်ကို မတည်ငြိမ်အောင်လုပ်တယ်လို့ ဝေဖန်တဲ့သူလည်း ရှိပါတယ်။ အဲဒီတော့ ကျမကပြောချင်တယ်။ နိုင်ငံတနိုင်ငံမှာ ဥပဒေဘောင်အတွင်းကနေပြီးတော့ ပြည်သူလူထု ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စတွေကို ပြုပြင်ပြောင်းလဲနိုင်အောင်လို့၊ မထိန်းသိမ်းထားနိုင်ရင် မထိန်းသိမ်းထားနိုင်တဲ့သူတွေရဲ့ အားနည်းချက်ပဲလို့ ကျမ ဒီလို ပြောချင်ပါတယ်။ ကျမတို့အနေနဲ့ မတည်ငြိမ်အောင် လုံးဝမလုပ်ဘူး။ အဲဒီတော့ ကျမတို့ကို နိုင်ငံကိုမတည်ငြိမ်အောင်လုပ်တယ်လို့ ပြောတဲ့ ပုဂ္ဂိုလ်များဟာ ပြုပြင်ပြောင်းလဲသင့်တာကို မပြုပြင် မပြောင်းလဲခြင်းဟာ ပိုပြီးတော့ မတည်ငြိမ်အောင်လုပ်တာ ဖြစ်နေတယ်ဆိုတာကို သဘောမပေါက်ဘူးလို့ ကျမတို့ထင်တယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အဟန့်အတား တစ်ခုလို ဖြစ်နေတယ်ဆိုတာကိုလည်း -
“အဲဒီတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာဟာ ကျမတို့နိုင်ငံမှာဆိုရင် အချက်ကြီးနှစ်ချက်ပေါ့- တိုင်းရင်းသားများအကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများအကြား ညီညွတ်ရေး၊ နောက်ပြီးတော့ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်အကြား ညီညွတ်ရေး၊ ပြည်သူတွေနဲ့တပ်မတော်အကြား ရင်ကြားစေ့ရေး ဖြစ်တယ်။ ဒီဟာကို ကျမတို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ ဆိုတာမှာ တကယ့်အဟန့်အတားကြီးကတော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်လို့ ကျမတင်ပြချင်ပါတယ်။”
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၅ ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း ဖွဲ့စည်းပုံမပြင်ဘဲနဲ့တော့ မျှတမှုဆိုတာ ရနိုင်မှာမဟုတ်ဘူးလို့ အခုလို ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲတစ်ခုဟာ လွတ်လပ်ရမယ်၊ တရားမျှတရမယ်ဆိုပြီးတော့ ဒီမိုကရေစီစနစ်ကို၊ ဒီမိုကရေစီတန်ဖိုးထားတွေကို ယုံကြည်တဲ့ပုဂ္ဂိုလ်တွေအားလုံး ပြောတယ်။ အဲဒီတော့ ကျမကိုလည်း မေးပါတယ်။ အထူးသဖြင့် နိုင်ငံခြားသားတွေက မေးကြတာပေါ့နော်။ ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတပြီးတော့ လွတ်လပ်မယ်လို့ ထင်သလား-လို့ ကျမကိုမေးတယ်။ ကျမကတော့ ရှင်းရှင်းပဲပြောလိုက်တယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ဖို့ဆိုတာတော့ ဖြစ်နိုင်ပါတယ်။ပြောချင်တာက မဲပေးမယ့်နေ့ ကျလို့ရှိရင်တော့ ပြည်သူတွေဟာ မဲပေးပိုင်ခွင့် လွတ်လွတ်လပ်လပ်ရပါလိမ့်မယ်။ ရဖို့လည်း အခြေအနေများပါတယ်လို့ ဒီလိုပဲ အမှန်အတိုင်း ကျမက ပြောပါတယ်။ သို့သော်လည်း တရားမျှတဖို့ဆိုတာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ကျမ ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။”

ဒါပေမဲ့လည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို လွှတ်တော်တွင်းမှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုလည်း လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံပြင်ဆင်ဖို့ဟာ တပ်မတော်နဲ့ပြည်သူကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေတာ မဟုတ်တဲ့အတွက် တပ်မတော်သားတွေ နဲ့လည်း ထောက်ခံဖို့လိုအပ်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားခဲ့ပါတယ်။

ပဲခူးတိုင်းတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်က လူဦးရေသောင်းနဲ့ချီ တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲရေးနဲ့ပတ်သက်ပြီး လူထုသဘောထားကောက်ယူရာမှာ အများစုကတော့ ပြင်ဆင်ရေးကိုသာ အဓိက ထောက်ခံခဲ့ကြတယ်လို့ ဒေသခံ တချို့က ဗွီအိုအေကို ပြောပြပါတယ်။ ဒါ့အပြင် ဒီဖွဲ့စည်းပုံပြင် ဆင်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က လက်မခံခဲ့ရင် NLD ဘက်က ဘာတွေ ဆက်လက်ဆောင်ရွက်မလဲဆိုပြီး တက်ရောက်လာသူတွေထဲက မေးမြန်းခဲ့ကြရာမှာတော့ NLD အနေနဲ့ ရှေ့ဆက်ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး အမြဲပြင်ဆင်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသွားခဲ့ပါတယ်ရှင်။
XS
SM
MD
LG