သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့် မရသေး


ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့် မရသေး
ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့် မရသေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံဘုရားဖူး ခရီးသွားဆောင်းပါး တပုဒ်ကို ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြဖို့ စာပေစိစစ်ရေးကနေ ခွင့်ပြုချက် တောင်းခံခဲ့ရာ ပထမအကြိမ်မှာ ခွင့်ပြုချက် မရခဲ့ပါဘူး။ ပြည်သူ့ခေတ် ဂျာနယ် တာဝန်ရှိသူကတော့ ဒီဆောင်းပါးကို ပုံနှိပ်ထုတ်ဝေခွင့် ရဖို့အတွက် စာပေစိစစ်ရေးကို ထပ်မံ တင်ပြသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာသေးခင် လတွေအတွင်း သွားရောက်ခဲ့တဲ့ ပုဂံခရီးစဉ်နဲ့ ပတ်သက်ပြီး ခရီးသွား မှတ်တမ်းဆောင်းပါးကို စာပေစိစစ်ရေးက အခုချိန်ထိ ဖော်ပြခွင့် မပြုသေးဘဲ ဖြစ်နေပါတယ်။ ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တခုဖြစ်တဲ့ ပြည်သူ့ခေတ် ဂျာနယ်က အဲဒီဆောင်းပါးကို ပြီးခဲ့တဲ့ တပတ်ကျော်က စာပေစိစစ်ရေးက ပုံနှိပ်ထုတ်ဝေဖို့ ခွင့်မပြုခဲ့ဘူးလို့ ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာ ဦးဖေမြင့်က ပြောပါတယ်။

“ကျနော်တို့က အရင်တပတ်ကျော်လောက်က တင်တာဗျ။ အရင်တကြိမ်တုန်းက ကျနော်တို့ မရဘူးပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဟာတွေပေါ့ဗျာ။ အဲဒါတွေကို ပေးတန်သလောက် ပေးတဲ့ဟာလည်း ပေးတယ်၊ မပေးတဲ့ဟာလည်း မပေးဘူး။ စိစစ်ရေးမှာတော့ သူ့ဘာသာသူ သတ်မှတ်ချက်တွေတော့ ရှိပါလိမ့်မယ်နဲ့ တူတယ်။ အဲဒီတော့ အဲဒါတွေအရ မပေးနိုင်သေးလို့ စောစောက မပေးတာလို့ ထင်တယ်ဗျ။”

ပြည်တွင်း သတင်းဂျာနယ် တချို့နဲ့ တချို့ အင်တာနက် စာမျက်နှာတွေမှာတော့ ဒီဆောင်းပါးကို စာပေစိစစ်ရေးက ခွင့်ပြုလိုက်ပြီဆိုပြီး ပြောဆိုတာတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိတော့ စာပေစိစစ်ရေးကို ခွင့်ပြုချက်ရဖို့ ပြန်မတင်ရသေးဘူးလို့ ဆရာ ဦးဖေမြင့်က ပြောပါတယ်။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းတွေ အတွင်းမှာ ခွင့်ပြုချက် ရနိုင်ဖို့အတွက် ထပ်ပြီး ကြိုးပမ်းသွားမယ်လို့ သူက အခုလို ပြောပါတယ်။

“ကျနော်တို့ ပထမ တင်တယ်ဗျာ။ တင်တဲ့ဟာကို အဆင်မပြေဘူးပေါ့ဗျာ။ အဆင်မပြေတော့ ကျနော်တို့က ပြန်မတင်ရသေးဘူးဗျ။ အခုမှ ခင်ဗျားတို့ ပြောကြ ဆိုကြတယ်ဗျာ၊ အဲဒါကို ခွင့်ပြုတယ်တို့ ဘာတို့ဆိုတာ၊ ကျနော်တို့ကလည်း မမေးရသေးဘူးဗျ စိစစ်ရေးရုံးကို။ မမေးရသေးတဲ့ အခါကျတော့ မနက်ဖြန် တနင်္လာနေ့ကျမှပဲ မေးမြန်းကြည့်ပြီး အခြေအနေကြည့်ပြီး အဲဒါကို တင်သင့်တယ်ဆိုရင် တင်မှာပေါ့ဗျာ။ တင်ရင်တော့ ကျနော်တို့က မူလစာကို တင်မှာပေါ့လေ။ အဲဒီသဘောပါပဲ၊ ကျနော်တို့က အဲဒီအတိုင်းပဲ တင်မှာပါ။”

ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာ ဦးဖေမြင့် ပြောသွားတာ ဖြစ်ပါတယ်။

ဒီဆောင်းပါးဟာ ပြည်တွင်းထုတ် ဂျာနယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပေးပို့တဲ့ ဆောင်းပါးလည်း ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေထဲက တနိုင်ငံအဖြစ် စာရင်းသွင်းခံထားရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နအဖ စစ်အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုင်တဲ့ သတင်းတွေနဲ့ နိုင်ငံရေးသတင်း စတာတွေကို ပြည်တွင်း သတင်းဂျာနယ်တွေမှာ ဖော်ပြတာတွေကို အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ် တားမြစ် ထိန်းချုပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီးတဲ့ နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆိုင်တဲ့ သတင်းတွေကို ပြည်တွင်း သတင်းဂျာနယ်တွေမှာ မကြာခဏ ဆိုသလို ဖော်ပြတာတွေ ရှိလာခဲ့တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးသွားဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရဖို့ ခွင့်ပြုချက် မရသေးပေမဲ့လည်း ဂျပန်နိုင်ငံထုတ် မိုင်နိချိ သတင်းစာမှာ မြန်မာပြည်ကပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ ရေးသားနေတာတွေမှာ ပုဂံဘုရားဖူး ခရီးစဉ်အကြောင်း ရေးသားထားတဲ့ ဆောင်းပါး ၂ စောင်ကို မိုင်နိချိ သတင်းစာက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG