သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဒီနှစ်တင်သွင်းမည်မဟုတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်နေစဉ် (ဓါတ်ပုံ- မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်နေစဉ် (ဓါတ်ပုံ- မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအစိုးရခေါင်းဆောင်အဖြစ် ပထမဆုံး အကြိမ် နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံ မှာ ဒီကနေ့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒီနှစ် ထူးခြားချက်အဖြစ် လက်ရှိမြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်း လဲရေးတွေ ကို နိုင်ငံတကာက အသိအမှတ် ပြုတဲ့အနေနဲ့ ကုလသမဂ္ဂညီလာခံမှာ လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ မြန်မာ့အရေးဆုံး ဖြတ်ချက် ကို တတိယကော်မတီက တင်သွင်းဖို့ မရှိကြောင်း ညီလာခံမတက်ရောက် ခင် မြန်မာတွေ နဲ့ တွေ့ဆုံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

နယူးရောက်စံတော်ချိန်နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အထွေထွေ မူဝါဒရေးရာ ဆိုင်ရာ မိန့်ခွန်းပြောကြား မှာ ဖြစ်ပါတယ်။

ညီလာခံမတက်ရောက်ခင် စနေနေ့က နယူးရောက် ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးမှာကျင်းပတဲ့ မြန်မာများနဲ့တွေ့ဆုံပွဲ မှာ ဒီနှစ်ကျင်းပမယ့် အထွေထွေညီလာခံမှာ အရင်လို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်မျိုး ရှိမှာမဟုတ်ဘူး လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောသွားပါတယ်။ အထူးသဖြင့် ကိုဖီအာ နန်ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်ဖွဲ့စည်းခဲ့တဲ့ အကျိုးရလာဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ အကျိုးယုတ်မှု မရှိ ဘူး။ ပြောရ မယ်ဆိုရင် ဒီကော်မရှင်ဖွဲ့လိုက်လို့လည်း ကျမတို့ကို OIC ကနေပြီးတော့ Human Rights နဲ့ ပတ်သက်လို့ Resolution မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ပါပါ တယ်။ ဒီ့အပြင်မှာလည်း ကျမတို့အခု Third Committee မှာ နှစ်တိုင်းနှစ်တိုင်း ရုန်းကန်နေ ရတဲ့ကိစ္စ အခု ဒီနှစ်တော့ သက်သာသွားပြီဆိုတာ။ ဒါတွေဟာ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေထဲမှာ ဒီကော်မရှင်ဖွဲ့တဲ့ ကြိုးပမ်းမှုကလည်း အင်မတန် ထိထိရောက်ရောက်နဲ့ ကူညီပေးခဲ့လို့ ဖြစ်ပေါ်လာတဲ့ကိစ္စ။”

၁၉၈၈ခုနှစ်မှာ အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကြောင့် အဲဒီအချိန်က စပြီး ကုလသမဂ္ဂအထွေ ထွေညီလာခံရဲ့ တတိယေ ကာ်မတီက နှစ်စဉ် မြန်မာ့အရေးဆုံးဖြတ်ချက်ကို တင်သွင်းချမှတ်ခဲ့တာ နှစ်ပေါင်း ၂၆နှစ်နီးပါးရှိခဲ့တာပါ။ ၂၀၁၀ပြည့်ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအနေနဲ့ မချမှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။

ဒီနှစ် NLD အစိုးရသစ်လက်ထက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီကိုယ်တိုင်က မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်း တင်သွင်းဖို့ မရှိတော့တာနဲ့ပတ်သက်ပြီး နယူးရောက် အခြေ စိုက် နိုင်ငံတကာ လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုတွေအပေါ် ဝေဖန်ကန့်ကွက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို တချိန်လုံးထောက်ခံလာတဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဂျပန် လိုစတဲ့နိုင်ငံတွေ က ဒီနှစ်မှာ မူကြမ်းမတင်သွင်းဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေကို ဆက် လက်စောင့်ကြည့် သွားမှာဖြစ်သလို ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီလီ လဲ ဆက်ပြီးရှိနေမယ့် အချက် စတာတွေဟာ လုံလောက်နေပြီဖြစ်တယ်လို့ ဒီနိုင်ငံတွေက မြင်ပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပေမဲ့ ၂၀၁၁ခုနှစ်ကစပြီး ပြုပြင်ပြောင်းလဲရေးတွေဖြစ်လာသလို၊ ရွေးကောက်ပွဲတွေ ကျင်းပပေးတာစတဲ့ အခြေအနေပေါ်မှာ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက အသိအမှတ်ပြုကြောင်းပြသတဲ့အနေနဲ့ ဒီနှစ်မှာ မြန်မာ့အရေးဆုံးဖြတ်ချက် တင်သွင်းဖို့ မလုပ်ခဲ့ဘူးလို့ Brad Adams ကဆိုပါတယ်။ ဒါပေမဲ့ လည်း ဂျီနီဗာ လူ့အခွင့်အရေးကောင်စီက ဆက်ပြီးစောင့်ကြည့်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာအစိုးရကို တောင်းဆိုချင်တာက ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံးကို မြန်မာနိုင်ငံမှာ ဖွင့်ဖို့ဆိုတဲ့ အချက်ကို လက်ခံဖို့ဖြစ်ပါတယ်။”

ဒီရုံးကနေ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်ရုံသာမဟုတ်ပဲ လူ့အခွင့် အရေးကို ကာကွယ်ဖို့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူအညီပေးနိုင် မှာဖြစ် တယ်လို့ Brad Adams ကဆိုပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့ရဲ့ အမြင်ကတော့-

“ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးဆုံးဖြတ်ချက် မတင်သွင်းဖို့ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို Burma Campaign UK အနေနဲ့ အလွန်စိတ် ပျက်မိသလို စိုးရိမ်မိပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးပြဿနာတွေ အများ အပြား ရှိနေဆဲပါ။ နောက်ဆုံးအ ကြိမ်ချ မှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာပါတဲ့ အချက် (၁၇)ချက် ထဲမှာ (၁)ခုဖြစ်တဲ့ အစိုးရသစ်ကို ချောချောမွေ့မွေ့ အာဏာ လွဲှပြောင်းရေးဆိုတဲ့ အချက်ပဲ အကောင်အထည်ဖေါ်နိုင်ပြီး ကျန်တဲ့ စိုးရိမ်ဖွယ် လူ့အခွင့်အရေး ဆိုင်ရာအ ချက်တွေအားလုံးကတော့ ဘာမှ မပြောင်းလဲသေး ပါဘူး။”

ဒါကတော့ Burma Campaign UK အဖွဲရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner ကဗွီအိုအေကိုပြောသွားတာပါ။

မနေ့ အင်္ဂါနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ စတင်ကျင်းပတဲ့ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ အမေရိကန်သမ္မတ အိုဘား မားအပါအဝင် နိုင်ငံပေါင်း (၃၀)ကျော်က အကြီးအကဲတွေ မိန့်ခွန်းပြော ကြားခဲ့ပါတယ်။

ဒီကနေ့ နယူးရောက်စံတော်ချိန် နေ့လည်ပိုင်း မှာ ပြောကြားမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့မိန့်ခွန်းကို ဗွီအိုအေမြန်မာပိုင်း အင်တာနက် ဝက်ဘ်ဆိုဒ် (burmese.voanews.com) နဲ့ ဖေ့စ်ဘုတ်ခ် ( VOA Burmese News) တို့မှာ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG