ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံ ရေကာတာ ဆောက်လုပ်မှုကို သမ္မတက ရပ်ဆိုင်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ အစိုးရဧည့်ဂေဟာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးအတွက် အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ ဒီကနေ့ တွေ့ဆုံပွဲအကြောင်း အသေးစိတ်ကို မစုမြတ်မွန်က တင်ပြထားပါတယ်။
ပြည်သူတွေအကျိုးအတွက် မြန်မာအစိုးရသစ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားနိုင်ဖို့ဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တိ့ု ဒီကနေ့ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။ တစ်နာရီကျော်ကြာ တွေ့ဆုံမှုအတွင်း ဧရာဝတီမြစ် ထိန်းသိမ်းရေးကိစ္စ အပါအဝင် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဝန်ကြီး ဦးအောင်ကြည်က ဆွေးနွေးပွဲအပြီးမှာ ခုလို သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။
“ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစား ဆောင်ရွက်နေသည့်ကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်းတည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် သဘောတူညီကြပါသည်။ ဒီလောက်ပါပဲခင်ဗျာ။”
ဒီကနေ့မှာပဲ ပြည်သူအများ ကန့်ကွက်နေတဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်ထားမယ်လို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါကို ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို တုံ့ပြန်ပါတယ်။
“ဒီမနက်က လွှတ်တော်ကို သမ္မတကြီး ဦးသိန်းစိန်ကနေ သဝဏ်လွှာပို့တယ်လို့ ပြောပါတယ်။ အဲဒါက သဝဏ်လွှာမှာဆိုရင် သမ္မတကြီးကနေပြီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလို မှာကြားလိုက်တယ်လို့ ကျမ နားလည်ပါတယ်။ ဒါကတော့ ကျမ အမြင်မှာတော့ ပြည်သူရဲ့ အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ ဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့် ကျမ ဒါကို ကြိုဆိုပါတယ်။”
သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာပဲ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဆွေးနွေးခဲ့ကြတဲ့ အချက်တွေထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးယူဖို့ကိစ္စ၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံမှာ နောင်ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနဲ့ပတ်သက်လို့လည်း သတင်းထောက်တစ်ယောက်က မေးခွန်းတွေ မေးပါတယ်။ NLD က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာက -
“ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို ကျမတို့က လက်ခံပြီးသားပါ။ ရွေးကောက်ပွဲ ဝင်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ၊ ဒါကိုပဲ ကျမတို့က ကြည့်မှာဖြစ်ပါတယ်။”
၂၀၁၀ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းကတော့ ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိတဲ့အချက်ကို NLD က အဓိက သဘောမတူတဲ့အတွက် ပါတီ ပြန်လည် မှတ်ပုံ မတင်တဲ့အပြင် ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့ပါဘူး။ အဲဒီအတွက်ကြောင့် NLD ကို တရားဝင် ပါတီ မဟုတ်တော့ဘူးလို့ သက်ဆိုင်ရာက ကြေညာခဲ့ပါတယ်။ အခုတော့ အစိုးရက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး၊ လူမှုရေး စီးပွားရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလာတာဖြစ်ပါတယ်။ NLD ပါတီသာ လွှတ်တော်ထဲကို ဝင်လာမယ်ဆိုရင် ကြိုဆိုတယ် ဆိုတာမျိုးတွေကိုလည်း တာဝန်ရှိသူတွေက ပြောလာခဲ့ပါတယ်။ NLD လွှတ်တော်ထဲ ဝင်လာအောင် အစိုးရဘက်က ညှိနှိုင်းပေးနိုင်တဲ့ အနေအထားရှိသလား ဆိုတဲ့အမေးကို ဒီကနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ခုလို ဖြေသွားကြပါတယ်။
ဦးအောင်ကြည်။ ။ “ဥပဒေနဲ့အညီ ကျနော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျနော်တို့ NLD နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် ကြိုဆိုသွားဖို့ ရှိပါတယ် ဆိုတဲ့အကြောင်း ဖြေကြားလိုပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်။ ။ “NLD ကတော့ ကျမက NLD အတွက်၊ အားလုံးအတွက် ပြောပေးလို့မရဘူးလေ။ စီးအီးစီ (ဗဟိုအလုပ်မှုဆောင်ကော်မတီ) ကို ပထမ တင်ပြရဦးမှာ။ စီးအီးစီကို တင်ပြပြီးတော့မှ ကျမတို့ ဘယ်လို ဖြေမလဲဆိုတာ ပြောနိုင်မှာဖြစ်ပါတယ်။”
ဒီကနေ့ စက်တင်သာ ၃၀ ရက်နေ့မှာ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ် တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေကို ထပ်လုပ်သွားမယ်လို့လည်း ပြောပါတယ်။
ဦးအောင်ကြည်ဟာ အရင် စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ်ကာလအတွင်းက စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာအရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမဲ့ ထူးခြားတဲ့ ရလဒ်တွေ မရှိခဲ့ပါဘူး။ အခုအစိုးရသစ်လက်ထက် ဆွေးနွေးမှုတွေမှာတော့ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ရှင်းလင်းပြောကြားမှုတွေရှိပေမဲ့ နှစ်ဘက် အသေးစိတ် ဆွေးနွေးတဲ့ အချက်တွေကိုတော့ အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိကြပါဘူး။