မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်းက နေအိမ်အကျယ်ချုပ်ကနေ ပြန်ပြီး လွတ်မြောက်လာခဲ့တာနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံ တော်တော်များများက ခေါင်းဆောင်တွေ ၀မ်းမြောက် ကြိုဆိုနေကြပါတယ်။ သြစတြေးလျနဲ့ ဂျပန်နိုင်ငံက ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ၀မ်းသာဂုဏ်ယူနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာကို သြစတြေးလျ ပြည်သူတွေက ထောက်ခံ ကြိုဆိုတဲ့အကြောင်း သြစတြေးလျ နိုင်ငံရဲ့ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလ်လတ် (Julia Gillard) က လွှတ်တော်အတွင်းမှာ ဒီကနေ့ ပြောဆိုခဲ့ပါတယ်။
“နေအိမ်အကျယ်ချုပ်ကနေ ပြန်ပြီး လွတ်မြောက်လာတဲ့ သတင်းတွေကို ကြားရလို့ သြစတြေးလျက လူတွေ ပျော်ရွှင်နေကြမှာပါ။ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရနိုင်ဖို့ လှုပ်ရှားမှုတွေကတော့ အဆုံးသတ်သွားမှာ မဟုတ်ဘူး ဆိုတာကိုလည်း ကျမတို့တွေ အပြည့်အ၀ နားလည်ထားကြပါတယ်။ ဒီမိုကရေစီနဲ့ တရားမျှတမှုတွေ ရရှိဖို့ ခက်ခက်ခဲခဲ အပြင်းအထန် ကြိုးစားခဲ့ရတဲ့ အသီးအပွင့်တွေကို မြန်မာပြည်သူတွေ တနေ့ တွေ့မြင်ရလိမ့်မယ်လို့ သြစတြေးလျ ပြည်သူတွေနဲ့ အစိုးရက ခိုင်ခိုင်မာမာကို မျှော်လင့်ထားပါတယ်။ မြန်မာပြည်မှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာအောင် စေ့စပ်ဆွေးနွေးမှုတွေ လုပ်ပါလို့လည်း မြန်မာစစ်အစိုးရကို တိုက်တွန်းပါတယ်။”
မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ လောက်ဟာလည်း ဒေါ်အောင်ဆန်းဆုကြည်လိုပဲ ပြန်လွတ်မြောက်လာပြီး သူတို့ရဲ့ နိုင်ငံရေး အယူအဆ၊ အတွေးအမြင်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြောဆိုနိုင်သင့်ပြီလို့လည်း သြစတြေးလျ ၀န်ကြီးချုပ်က ပြောခဲ့ပါသေးတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကီဗင် ရာ့ဒ် (Kevin Rudd) ကလည်း သြစတြေးလျဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတဦးအဖြစ် အနာဂတ်မှာ ဆက်ပြီး ရပ်တည်သွားမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုပါတယ်လို့ ဆိုပါတယ်။
သြစတြေးလျ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တိုနီ အက်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတဲ့နေ့ဟာ တကယ့်ကို ၀မ်းသာဖို့ကောင်းတဲ့ နေ့တနေ့ ဖြစ်သလိုပဲ တကမ္ဘာလုံးမှာရှိတဲ့ ဒီမိုကရေစီကို ယုံကြည်သူတိုင်း အတွက်လည်း ဒီနေ့ဟာ တကယ့်ကို ထူးခြားတဲ့ နေ့တနေ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်က ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သင်္ကေတတခု ဖြစ်ရုံတင်မက ကမ္ဘာတ၀န်းက ဒီမိုကရေစီ လှုပ်ရှားမှုတွေရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
မြန်မာ့အရေးကို ဆောင်ရွက်နေတဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်များအဖွဲ့ (EPCB) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုတဲ့အကြောင်း၊ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွတ်မြောက်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မြန်မာပြည်မှာ ပေါ်ပေါက်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်ပြီး ဖိအားတွေ ပေးကြဖို့ တောင်းဆိုတဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂျပန်အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်လာတာဟာ ရှေ့ကိုတက်လှမ်းတဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်တဲ့ အကြောင်းနဲ့ နှစ်တွေ အတော်ကြာအောင် ဒေါ်စုကို အခုလို ဖမ်းဆီးထားတဲ့ အတွက်လည်း တကယ်ပဲ စိုးရိမ်ပူပန်ရတဲ့အကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဆေးဂျိ မအဲဟာရ (Seiji Maehara) က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ နေ့ကပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပေါ်ပေါက်ရေးတို့အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေကို မြန်မာအစိုးရက ရှေ့လျှောက် လုပ်သွားနိုင်လိမ့်မယ်လို့ ဂျပန်အစိုးရ အနေနဲ့ မျှော်လင့်တဲ့အကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအ၀င် အနောက်နိုင်ငံ ခေါင်းဆောင်တွေနဲ့ အာဆီယံခေါင်းဆောင် တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုကို ၀မ်းမြောက်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။