အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ အခြေစိုက်တဲ့ Feminist Majority Foundation လို့ခေါ်တဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်အတွက် အယ်လယ်နာ ရုစဗဲ့ (Eleanor Roosevelt) ဆု ချီးမြှင့်လိုက် ပါတယ်။ ဧပြီလ ၂၆ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ ဆုပေးပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗွီဒီယိုကနေတဆင့် မိတ်ဆက်စကားနဲ့ ကျေးဇူးတင်စကားတွေ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကမ္ဘာတ၀ှမ်းက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ၄ ဦးတို့ဟာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ အခြေစိုက် အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Feminist Majority Foundation ရဲ့ ဒီနှစ်အတွက် အယ်လယ်နာ ရုစဗဲ့ဆုကို ဂုဏ်ပြု ချီးမြှင့်ခံခဲ့ကြရတာပါ။
မြန်မာပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးတွေ ရရှိဖို့ ဦးဆောင် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေအတွက် သူ့ကို အခုလို ဂုဏ်ပြုဖို့ ဖြစ်လာခဲ့ရတယ်လို့ Feminist Majority Foundation အဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ကက်သရင်း ပေလာ (Katherine Piller) က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေမှုတွေ အတွက် အခုလို ဂုဏ်ပြုရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိဖို့ ဦးဆောင် လှုပ်ရှားနေသူပါ။ ဒါဟာ အဓိကကျတဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် လှုပ်ရှား တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်တရပ် ဖြစ်ဖို့ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ အရေးကြီးပါတယ်။
“ကျမတို့ အခမ်းအနားကို ပေးပို့တဲ့ သူ့ရဲ့ စကားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထောက်ပြ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက ဖိနှိပ်ခံ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အားလုံးရဲ့ အခွင့်အရေးအတွက် ဦးဆောင် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် သာမက ကမ္ဘာပေါ်က အမျိုးသမီးထု အားလုံးအတွက် အတုယူစရာ စံပြပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။”
Feminist Majority Foundation အဖွဲ့ရဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ကက်သရင်း ပေလာ ပြောသွားတာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခမ်းအနားကို ကိုယ်တိုင် မတက်ရောက် နိုင်တဲ့အတွက် ရုပ်သံနဲ့ ကြိုတင်ရိုက်ယူထားတဲ့ ဗွီဒီယိုခွေကနေ တဆင့် ဆုပေးတဲ့ အဖွဲ့အစည်းနဲ့အတူ အခမ်းအနား တက်ရောက်လာသူတွေကို အခုလို နှုတ်ဆက်စကား ပြောဆိုခဲ့ပါတယ်။
“အမျိုးသမီးတွေကို ကူညီတာဟာ လူသားတွေ အားလုံးကို ကူညီတာနဲ့ အတူတူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာကြီးမှာ အမျိုးသမီးတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ရှိနေကြလို့ပါ။ သူတို့ကျွမ်းကျင်ရာ လုပ်ငန်းခွင်တွေမှာတင် မဟုတ်ဘဲ အိမ်တွင်း၊ မိသားစု အတွင်းမှာပါ သူတို့ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေကြတာပါ။ အခုလို အမျိုးသမီးတွေဘက်က လိုက်ပြီး ကျမ ပြောနေတာကို အခမ်းအနား တက်ရောက် လာတဲ့ အမျိုးသားတွေ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
“အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြဿနာတွေ၊ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ခွဲခြား ဆက်ဆံ ခံရမှုတွေကို အမျိုးသမီးတွေ အချင်းချင်းကပဲ နားလည်မှု အရှိဆုံးပါ။ ဒါကြောင့်လည်း ကျမတို့အားလုံး၊ အထူးသဖြင့် အမျိုးသမီးတွေ အနေနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် လုပ်နိုင်ရည် စွမ်းအားတွေနဲ့ ကိုယ့်ရဲ့ အခွင့်အရေး တွေ အပြည့်အ၀ ခံစားခွင့်ရတဲ့ အချိန်အထိ ညီအမရင်းတွေလို စိတ်ထားပြီး အတူတကွနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ ကျမ မျှော်လင့်ပါတယ်။”
လူ့အခွင့်အရေးမှာ ယုံကြည်သူတယောက် အနေနဲ့ အခုလို လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးအတွက် ရှေ့တန်းကနေ ဦးဆောင် လှုပ်ရှားခဲ့သူ အယ်လယ်နာ ရုစဗဲ့ကို ဂုဏ်ပြုချီးမြှင့်တဲ့ဆု ချီးမြှင့်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားမှုကို နိုင်ငံတကာက ကူညီ ထောက်ပံ့နေကြတဲ့အတွက် ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဆက်ပြီးတော့ အားပေး ကူညီသွားကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
ကမ္ဘာတ၀န်းက အမျိုးသမီး အခွင့်အရေး လှုပ်ရှား တက်ကြွသူတွေကို Feminist Majority Foundation အဖွဲ့က အခုလို အယ်လယ်နာ ရုစဗဲ့ ဂုဏ်ပြုဆု ချီးမြှင့်လာခဲ့တာဟာ ဒီနှစ် ၇ ကြိမ်မြောက် ဖြစ်ပါတယ်။ လူသားတိုင်းဟာ လူသားဖြစ်တဲ့အတွက် အသက်ရှင် နေထိုင်ခွင့် အပါအ၀င် အခြေခံ အခွင့်အရေးတွေ ခံစားခွင့်ရှိရမယ် ဆိုတာကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲပြဋ္ဌာန်း နိုင်အောင် ဦးဆောင် ကြိုးပမ်းခဲ့သူ အမေရိကန် သမ္မတဟောင်း ဖရန်ကလင် ရုစဗဲ့ (Franklin Roosevelt) ကတော် အယ်လယ်နာ ရုစဗဲ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီနှစ် ဆုပေးပွဲ အခမ်းအနားကို လော့စ်အိန်ဂျလိစ်မြို့က Beverley Hills ဟိုတယ်မှာ ဧပြီလ ၂၆ ရက်နေ့ ညက ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ် ဆုချီးမြှင့်ခံရသူတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် အပြင် အာဖဂန် နစ္စတန်နဲ့ ဟေတီနိုင်ငံက အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၂ ဦးနဲ့ အမေရိကန်ပြည်ထောင်စု NPR ရေဒီယိုဌာနက သတင်းထောက် တဦးတို့ ပါဝင်ကြပါတယ်။