သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးမြို့တဝိုက် လေ့လာ


ညောင်ဦးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ညောင်ဦး ဒေသခံများက ဝိုင်းဝန်းနှုတ်ဆက်နေကြစဉ်။ ဇူလိုင် ၇၊ ၂၀၁၁။
ညောင်ဦးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ညောင်ဦး ဒေသခံများက ဝိုင်းဝန်းနှုတ်ဆက်နေကြစဉ်။ ဇူလိုင် ၇၊ ၂၀၁၁။

ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးနယ်ဘက်ကို ဘုရားဖူးခရီး ထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၇ ရက် ကြာသပတေးနေ့မှာတော့ တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတောဘက် သွားရောက် လေ့လာခဲ့သလို အဲဒီမှာ ဒေသခံ ရွာသူရွာသားတွေက သူတို့ရဲ့ ရေရရှိမှု အခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့ကြပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညောင်ဦးဘက် ခရီးစဉ်အကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာပြည်က အထင်ကရ သမိုင်းဝင် ဘုရားပုထိုး စေတီတွေရှိတဲ့ ပုဂံ၊ ညောင်ဦးဘက်ကို သားငယ် ကိုထိန်လင်းနဲ့အတူ ဘုရားဖူးထွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်ရဲ့ ၄ ရက်မြောက် ဒီကနေ့မနက် ၁၀ နာရီက ညောင်ဦးမြို့နယ် တူရွင်းတောင် မြောက်ဘက် ၆ မိုင်ကွာမှာရှိတဲ့ ဇီးအိုသစ်လှရွာက ရှားပါး အင်ကြင်းတောနဲ့ သက်တမ်းရင့် မန်ကျည်းပင်ကြီးတွေဆီ သွားရောက် လေ့လာခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“တူရွင်းတောင်ခြေဘက်မှာရှိတဲ့ ဇီးအိုသစ်လှရွာ ဆိုတာဟာ သစ်တောဦးစီးဌာနက ထိန်းသိမ်း ထားရှိတဲ့ ရှားပါးသစ်ပင် အင်ကြင်းတော ရှိတဲ့နေရာ ဖြစ်ပါတယ်။ အိမ်ခြေ ၃၀၀ လောက်ရှိပြီး ဒီရွာက သာယာတယ်လို့ သိရပါတယ်။ ဇီးအိုသစ်လှရွာမှာပဲ သစ်တောဦးစီးဌာနက အတည်ပြုထားတဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတဲ့ မန်ကျည်းပင်ကြီး ရှိပါတယ်။ အဲဒီ အလွန်သာယာတဲ့၊ ထူးဆန်းတဲ့ မန်ကျည်းပင်ကြီးကိုလည်း သွားပြီးတော့ လေ့လာပါတယ်။ ပြီးတော့ ရွာက ဆရာတော်ကိုလည်း နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီခရီးစဉ်အတွက် မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေလည်း လိုက်ပါသွားခဲ့ကြပါတယ်။ ဒီကနေ့ ဇီးအိုသစ်လှရွာကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုလို့ ရာနဲ့ချီတဲ့ ဒေသခံတွေ လာရောက် စောင့်ဆိုင်းနေကြပြီး တရင်းတနှီး နှုတ်ဆက်စကား ပြောခဲ့ကြသလို သူတို့ဆီမှာ ကြုံနေရတဲ့ ရေအခက်အခဲ ပြဿနာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ပြောပြခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“ဟိုမှာကျတော့ လာမယ့်သတင်းကို ကြိုတင် သိရှိနေတဲ့ ရွာသူ ရွာသားပေါင်း ၃၀၀ လောက်ကလည်း ကျနော်တို့ စုဝေးတဲ့ နေရာကို လာရောက်ပြီး ကြိုဆို နှုတ်ဆက်ကြပါတယ်။ တခြား Source ကလည်း ကျနော်ရတဲ့ သတင်းပါ၊ ရွာသူရွာသားတွေက သူတို့ ရေရှားပါးတဲ့အကြောင်း ပြောကြတယ်တဲ့။ အဖွဲ့ချုပ်ကလည်း ရေကူညီရေး ကိစ္စတွေ ဆောင်ရွက်နေတာဆိုတော့ အဲဒါ အထွေထွေ အတွင်းရေးမှူးကို ရေရှားပါးတဲ့ကိစ္စ တင်ပြတယ်။

“သူတို့ဟာ တနှစ်မှာ ရက်ပေါင်း ၁၅၀ လောက် သောက်သုံးရေ ပြတ်လပ်တဲ့ အတွက်ကြောင့် မြစ်ရေကိုပဲ ရအောင် သယ်ယူပြီးတော့ သုံးစွဲနေရတဲ့အကြောင်း အဲဒါကို တင်ပြကြတယ်လို့ သိရပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ဒီကနေ့မနက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ညောင်ဦးဈေးဘက် သွားတဲ့အခါမှာလည်း ဈေးသူဈေးသားတွေက တိုးမပေါက်အောင်ကို ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ အကြောင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးတာဝန်နဲ့ လိုက်ပါသွားတဲ့ လူငယ်တဦးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ ညောင်ဦးဈေးနားကို ရောက်တဲ့အချိန်မှာ လူအုပ်ကြီးက အရမ်းများတယ်ဗျ။ ဈေးကြီး အပြင်ဘက်အထိ ရောက်နေပြီ။ ပန်းစည်းတွေ၊ ပန်းကုံးတွေနဲ့ ကြိုဆိုကြတယ် ဒေါ်အောင်ဆန်းစုကြည်ကို။ ဈေးထဲကို ကျနော်တို့ တော်တော်လေးကို တိုးယူရတယ်။ ပြီးတော့ ဈေးထဲက ဈေးသူ ဈေးသားတွေ၊ မြို့သူ မြို့သားတွေက လက်ဆောင်တွေ ပေးကြတယ်။

“အန်တီစုကို သမီးတို့ အားပေးနေပါတယ်တို့၊ ကျနော်တို့ အားပေးနေပါတယ်တို့ ဆိုပြီး လာပြောတဲ့သူတွေ ရှိပါတယ်။ ပြီးတော့ ကျနော်တို့ ပြန်ပြီးတော့ တိုးထွက်တဲ့ အခါမှာလည်း အနောက်ကနေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်လာပြီးတော့ လိုက်နှုတ်ဆက်ကြတာပေါ့နော်၊ အဲဒီလိုမျိုးတွေ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးတာဝန်နဲ့ လိုက်ပါသွားတဲ့ လူငယ်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်လာအပြီး ရန်ကုန်မြို့ အပြင်ဘက်ကို ခရီးထွက်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာ့သမိုင်းဝင် ရှေးဘုရား ပုထိုး စေတီတွေရှိတဲ့ ပုဂံ၊ ညောင်ဦးဘက်ကို မြန်မာနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ သားငယ် ကိုထိန်လင်းနဲ့အတူ ဘုရားဖူးခရီးစဉ် အဖြစ်နဲ့ ထွက်လာတာဖြစ်ပြီး မနက်ဖြန် ဇူလိုင်လ ၈ ရက် သောကြာနေ့ မနက်မှာတော့ လေကြောင်းလိုင်းနဲ့ ရန်ကုန်ကို ပြန်မယ်လို့လည်း NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG