မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ပထမပတ်တုန်းက ပုဂံကို ဘုရားဖူးခရီး သွားပြီးတဲ့နောက် သြဂုတ်လဆန်းမှာ နယ်စည်းရုံးရေး ခရီးစဉ် အဖြစ်နဲ့ ပဲခူးဘက်ကို သွားဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။ ၂၀၀၃ ခုနှစ် မေလထဲမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးထွက်ခဲ့တဲ့ နယ်စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေရဲ့ အတိုက်အခိုက် ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ရတာမို့ အခု ပထမဆုံးသွားမယ့် ခရီးစဉ်အတွက် ပြည်သူအများက စိတ်ပူနေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ၇ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေရာက လွတ်မြောက်လာခဲ့ပြီးနောက် အခု ၈ လကျော် အကြာမှာ ပထမဆုံးအဖြစ် နယ်စည်းရုံးရေး ခရီးကို ထွက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ဘက်ကို၊ ဘယ်နေရာလို့ တိတိကျကျ မပြောနိုင်သေးပါဘူး၊ ပဲခူးမြို့ အနီးနားတ၀ိုက်ကို ခရီးထွက်ဖို့အတွက် ကြိုတင် ညှိနှိုင်း ပြင်ဆင်မှုတွေ လုပ်နေတယ်၊ အဲဒါ သြဂုတ်လဆန်းထဲမှာ ဖြစ်မှာပါ။ ခရီးစဉ်က နေ့ချင်းပြန် ခရီးတိုပဲ ဖြစ်မယ်လို့ ပြောပါတယ်။ မသွားခင် သတင်းထောက်တွေကို ကြိုပြီး အသိပေးမှာပါလို့ ပြောပါတယ်။”
သြဂုတ်လဆန်းမှာ သွားရောက်မယ့် နေ့ချင်းပြန် ခရီးစဉ်အတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှု ရှိမရှိ မပြောနိုင်သေးပေမဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အများသိအောင် ကြိုတင် ကြေညာ အသိပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။
၂၀၀၃ ခုနှစ် မေလထဲမှာ စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ ရန်ရှာ တိုက်ခိုက်မှု ခံခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြည်တွင်း ပြည်ပ သတိပေးမှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့လထဲ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေအတွင်း အန္တရာယ် မရှိစေဖို့ အစိုးရ အာဏာပိုင်တွေမှာ တာဝန် လုံးဝရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုခဲ့တဲ့နောက် ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအတွက် သတိပေးခဲ့သလို အစိုးရအာဘော် သတင်းစာတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေကနေ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်ကြောင်း ဝေဖန်စာတွေ ရေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဇူလိုင်လဆန်းမှာပဲ ပုဂံဘုရားဖူး ခရီးထွက်ပြီး သူ့ရဲ့ လွတ်လပ်ခွင့် ဘောင်အတိုင်းအတာကို စမ်းသပ်ခဲ့တာ တွေ့ရပါတယ်။
နယ်ခရီးထွက်ဖို့အတွက် စီစဉ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာအာဏာပိုင်တွေဘက်က လုံခြုံရေးကို အထူး ဂရုစိုက်ပေးဖို့ တနင်္လာနေ့ကပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပုဂံဘုရားဖူးကအပြန် သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ပုဂံခရီးစဉ် လုံခြုံမှု ရှိနေတာဟာ သတင်းထောက်တွေရဲ့ မျက်စိအောက်မှာ ရှိနေတာကြောင့်လို့ ပြောဆိုခဲ့ပြီး နောင်သွားမယ့် သူ့ရဲ့ ခရီးစဉ်တွေအတွက် သတင်းထောက်တွေကို ဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။