သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပဲခူးခရီးစဉ် ချောမွေ့အောင်မြင်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖွင့်လှစ်ပေးနေစဉ်။ သြဂုတ် ၁၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖွင့်လှစ်ပေးနေစဉ်။ သြဂုတ် ၁၄၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဆုံး နိုင်ငံရေး ခရီးစဉ်အဖြစ် ပဲခူးမြို့နဲ့ သနပ်ပင်မြို့တွေကို ဒီနေ့ သွားရောက်ခဲ့ရာမှာ အာဏာပိုင်တွေနဲ့ ကြိုတင် ညှိနှိုင်းထားခဲ့တဲ့ ခရီးစဉ်မို့ အားလုံး အဆင်ပြေခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။ မြန်မာနိုင်ငံကို ကမ္ဘာက အဆင့်အတန်းရှိတဲ့ နိုင်ငံတခုအဖြစ် လက်ခံလာအောင် ဝိုင်းဝန်းကြိုးစားကြဖို့နဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သလို မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေ တချို့ကိုလည်း လူထုကို ရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ပဲခူးတိုင်း ခရီးစဉ် အခြေအနေ အသေးစိတ်ကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာအပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ပဲခူးခရီးစဉ်ဟာ NLD ပါတီအတွက် ပထမဆုံး ရန်ကုန်တိုင်း အပြင်ဘက်ထွက်ပြီး နိုင်ငံရေးနဲ့ စည်းရုံးရေး လှုပ်ရှားမှုတခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ပဲခူးမြို့အရောက် ပထမဆုံး ရွှေမော်ဓောဘုရားကို ဝင်ရောက် ဖူးမြော်ခဲ့သလို ဘုရားဝင်း တောင်ဘက်မုခ်မှာရှိတဲ့ သာသနာ့မဏ္ဍိုင်ကျောင်းက ဆရာတော်ကြီး အပါအဝင် ရဟန်း သံဃာတွေကို သင်္ကန်းဆက်ကပ် လှူဒါန်းတာတွေ ပြုလုပ်အပြီး မနက် ၁၀ နာရီမှာ သနပ်ပင်မြို့က အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ဖွင့်ပွဲကို သွားရောက်ခဲ့ပါတယ်။

ကြိုဆိုနေတဲ့ ပရိသတ် ၃,၀၀၀ ကျော်လောက်ကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင့်အတန်းရှိတဲ့ နိုင်ငံတခု ဖြစ်လာဖို့နဲ့ နိုင်ငံအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ အားလုံး ပူးပေါင်း ပါဝင်လာကြဖို့ လူထုကို အခုလို တိုက်တွန်းပါတယ်။

“နိုင်ငံရေးဟာ နိုင်ငံရေးပဲ။ နိုင်ငံရေးကို ရှေ့ထားပြီး ကျမတို့ လုပ်နိုင်ရမယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တယ်ဆိုတာ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ရမယ်။ ပဲခူးမြို့သူ မြို့သားတွေက ဒီလောက် နွေးနွေးထွေးထွေးနဲ့ ကျမတို့ကို ထောက်ခံတယ်ဆိုတာ ကျမ သဘောပေါက်ပါတယ်။ အဲဒီတော့ ဒီလို ထောက်ခံမှုတွေ ရှိတယ်ဆိုရင်လည်း ကျမတို့ဘက်က တာဝန်တွေ ရှိလာပါတယ်။ ပြည်သူလူထုက ထောက်ခံတယ် ဆိုတာဟာ မျှော်လင့်ချက်နဲ့ ထောက်ခံတာပါ။”

သနပ်ပင်မြို့က စာကြည့်တိုက် ဖွင့်ပွဲအပြီး ပဲခူးမြို့က နောက်ထပ် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ဖွင့်ပွဲ သွားခဲ့ရာမှာလည်း စာကြည့်တိုက်ရှိရာ ပန်းလှိုင် ၂၃ ရပ်ကွက် အပြည့် လူထုက စောင့်ဆိုင်း ကြိုဆိုခဲ့ကြပါတယ်။ အဲဒီမှာ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက အမှာစကား ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ တောင်းဆိုချက်အရ ၂ ကြိမ် ထွက်ပြီး စကားပြောခဲ့ရပါတယ်။ အထူးသဖြင့် လိုအပ်ချက်တွေအရ နိုင်ငံရေးတွေ ဆက်လုပ်ကြဖို့လိုတယ် ဆိုတာနဲ့အတူ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက် သောကြာနေ့က အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေကိုလည်း လူထုကို အခုလို ရှင်းပြခဲ့ပါတယ်။

“အခု ပြည်သူတွေက ဘာသိပ်သိချင်နေလဲဆိုတာ ကျမ မှန်းရတာတော့ ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့တဲ့ကိစ္စတွေ ဘယ်လိုနေလဲဆိုတာ။ အခုအချိန်ထိ အသေးစိတ် မပြောသေးတာက ဘာဖြစ်လို့လဲဆိုတော့ တိတိကျကျ လုပ်ဖို့ကိစ္စလေးတွေက ရှိပါသေးတယ်။ ကျမက ပြည်သူတွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူး။ မသေချာ မရေရာဘဲနဲ့ ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဆိုတဲ့ ကတိတွေ ကျမ မပေးချင်ဘူး။ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ထားကြပါ။ ကျမတို့နဲ့ အမြဲပဲ အဆက်အသွယ်မပြတ် နေကြပါ။ ကျမတို့ကို အခုလို စေတနာ မေတ္တာနဲ့ လာပြီး ထောက်ခံတဲ့ဟာကို ကျေးဇူးတင်သလို ဆက်လည်း ထောက်ခံကြပါလို့ မေတ္တာရပ်ခံပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပဲခူးလူထုကို ပြောခဲ့တဲ့ မိန့်ခွန်း တစိတ်တပိုင်း ဖြစ်ပါတယ်။

အဲဒီနောက် ပဲခူးတိုင်းအတွင်း ကြုံနေရတဲ့ ရေဘေးအခြေအနေတွေကို ကူညီနိုင်ဖို့ ပဲခူးတိုင်း အဖွဲ့ဝင်တွေနဲ့ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သလို ပဲခူးက အနောက်ရွှေနံ့သာကျောင်းမှာ ရှိတဲ့ ရေဘေးဒုက္ခသည်တွေဆီကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ ပဲခူးတိုင်း ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို NLD ဗဟိုက လူငယ်တွေအပြင် ပဲခူး NLD အဖွဲ့ဝင်တွေနဲ့အတူ ဒေသခံ တာဝန်ရှိ အာဏာပိုင်တွေဘက်ကပါ ကူညီခဲ့တယ်လို့ ပဲခူးမြို့က NLD အဖွဲ့ဝင် ရှေ့နေကြီး ဦးမြတ်လှက ပြောပါတယ်။

“ရေဘေးဒုက္ခသည်တွေ ရှိတဲ့ အနောက် ရွှေနံ့သာကျောင်းကို သွားတယ်။ အနောက်ရွှေနံ့သာကို သွားတဲ့အခါ အဲဒီမှာလည်း ရေဘေးဒုက္ခသည်တွေကို သူကိုယ်တိုင် တွေ့ရတာပေါ့။ ကိုယ်တိုင်တွေ့ပြီး သူ အဲဒီမှာပြောတာ လူက တိုးလို့ကို မရဘူးဗျာ၊ အဲဒီမှာ ဗဟိုလူငယ်ကလည်း လာတယ်၊ ကျနော်တို့ ဒီကလည်း လူငယ်တွေက အကုန်လုံး စည်းကမ်းတကျ လုပ်ထားတယ်လေ။ ဒါ့အပြင် ရဲကလည်း အများကြီး ကူညီတယ်ဗျ။”

ပဲခူးမြို့က ရှေ့နေကြီး ဦးမြတ်လှ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ အခု ညနေ ၅ နာရီခွဲက ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ကို NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီဝင်တချို့၊ လူငယ်အဖွဲ့တွေအပြင် ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံး တချို့က သံအရာရှိတွေ၊ ပြန်ကြားရေး အရာရှိတွေနဲ့အတူ ပြည်တွင်းပြည်ပ သတင်းဌာနက သတင်းထောက်တွေ အပါအဝင် မော်တော်ယာဉ် အစီး ၃၀ နီးပါးနဲ့ ဒီခရီးစဉ်မှာ လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG