သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရသစ် လက်ထက် အပြောင်းအလဲ မမြင်ရသေး


မြန်မာအစိုးရသစ် လက်ထက် အပြောင်းအလဲ မမြင်ရသေး
မြန်မာအစိုးရသစ် လက်ထက် အပြောင်းအလဲ မမြင်ရသေး

မြန်မာအစိုးရသစ်ဟာ အပြောင်းအလဲတွေကို လုပ်ဆောင်နေတယ် ဆိုပြီးတော့ ပြည်တွင်းပြည်ပက မြန်မာပြည်သူတချို့ အတွင်းမှာ အလှည့်စားခံနေကြရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို BBC သတင်းဌာနရဲ့ ဟောပြောပို့ချချက် အစီအစဉ်မှာ ဒီကနေ့ ထုတ်လွှင့်ခဲ့တာပါ။

နိုင်ငံတကာက ထင်ရှားတဲ့ ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး BBC သတင်းဌာနက ဟောပြောပို့ချတဲ့ အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ထုတ်လွှင့်ခဲ့တာပါ။

အပြောင်းအလဲတွေကို မမြင်ရတဲ့အတွက် တချို့ပြည်သူတွေက စိတ်ပျက်နေကြတယ်၊ စကားလုံးလှလှတွေ ပေါပေါများများ သုံးစွဲနေပေမဲ့ တကယ်တမ်းမှာ အပြောင်းအလဲတွေကို မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ဟောပြောပို့ချချက်မှာ NLD ပါတီရဲ့ ထူးခြားတဲ့ သဘာဝနဲ့ နိုင်ငံရေး လောကမှာ သင့်တော်တဲ့ အခန်းကဏ္ဍတခု အနေနဲ့ ပါဝင်ဖို့ ရုန်းကန် လှုပ်ရှားရတဲ့ အခြေအနေတွေ၊ အာဏာပိုင်တွေနဲ့ မြန်မာပြည်သူတွေအကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတာ ဘာကြောင့်လဲ ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

“NLD ပါတီကို နိုင်ငံရေးပါတီတရပ် အနေနဲ့ ပြည်တွင်းပြည်ပက ထောက်ခံမှုတွေ အများဆုံး ရှိခဲ့ပါတယ်။ ဒီလို အသိအမှတ်ပြု ထောက်ခံခဲ့ကြလို့လည်း NLD ပါတီဘက်က တာဝန်ကျေအောင် အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ NLD ဟာ နိုင်ငံရေးပါတီ တရပ်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရှိဘဲနဲ့ လုပ်ဆောင်နေရတာပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ပါတီ ဖြစ်ပေမဲ့လည်း စစ်အစိုးရက အာဏာလွှဲမပေးခဲ့ပါဘူး။

BBC မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပို့ချချက်ကို ၂ ခု ထုတ်လွှင့်တာဖြစ်ပြီး ဒီကနေ့ အစီအစဉ်ကတော့ ဒုတိယ ဟောပြောချက်ကို ထုတ်လွှင့်တာပါ။

ပြီးခဲ့တဲ့အပတ်က ထုတ်လွှင့်ခဲ့တဲ့ ပထမ ဟောပြောချက်မှာတော့ အရှေ့အလယ်ပိုင်း ဒေသက နိုင်ငံတွေအတွင်း ဒီမိုကရေစီရေး လူထုတောင်းဆို လှုပ်ရှားမှုတွေနဲ့ မြန်မာပြည် အခြေအနေကို နှိုင်းယှဉ်ပြီး ဟောပြော ပို့ချခဲ့ပါတယ်။

တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မြန်မြန်ဆန်ဆန် အပြောင်းအလဲတွေ ပေါ်ပေါက်ခဲ့တာဟာ မြန်မာပြည်သူတွေအတွက် အားကျစရာ ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

XS
SM
MD
LG