မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေနဲ့ Arab Spring လို့ ခေါ်တဲ့ အာရပ်ကမ္ဘာက ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွေကို နှိုင်းယှဉ်ပြီး ဘီဘီစီ ရုပ်မြင်သံကြားဌာနက အင်္ဂါနေ့မှာ ထုတ်လွှင့်တဲ့ ဆွေးနွေး ဟောပြောမှု အစီအစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ရိုက်ကူးခဲ့ပြီး ပြည်ပကို တိတ်တဆိတ် သယ်ဆောင်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ဆွေးနွေးခန်းကို အပိုင်း ၂ ပိုင်းခွဲပြီး ပြသမှာ ဖြစ်ပါတယ်။ အခု အပိုင်း ၁ ကိုတော့ စတူဒီယို ခန်းမထဲမှာ ပရိသတ်တွေကို အင်္ဂါနေ့က ပြသခဲ့တာဖြစ်ပြီး ဒုတိယအပိုင်းကိုတော့ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ ပြသမှာပါ။
တူနီးရှားနိုင်ငံမှာ သမ္မတပါ ရာထူးက နှုတ်ထွက်ပေးခဲ့ရတဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာအောင် မိမိအသက်ကို စတေးလိုက်တဲ့ လမ်းဘေးဈေးသည်လေးနဲ့ ၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း အသက်ပေးဆပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံက ကျောင်းသား လူငယ်တွေရဲ့ အခြေအနေတွေကို နှိုင်းယှဉ်ပြီး Liberty လွတ်မြောက်မှုလို့ အမည်ပေးထားတဲ့ မိန့်ခွန်းအတွင်း Securing Freedom လွတ်လပ်မှုကို ရယူခြင်းဆိုတဲ့ အမည်နဲ့ ဒေါ်အောင်ဆန်းကြည်က အပိုင်း ၁ ကို ဟောပြောခဲ့တာပါ။
အရှေ့အလယ်ပိုင်းက ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံအတွက် စိတ်ဓာတ် တက်ကြွစရာကောင်းပြီး တူနီးရှားနဲ့ အီဂျစ်တို့မှာ အသွင်ကူးပြောင်းမှုတွေ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံသားတွေ အနေနဲ့ အားကျမိပါတယ်လို့ အဲဒီ ဆွေးနွေး ဟောပြောမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီဆွေးနွေး ဟောပြောမှုဟာ ဘီဘီစီက ထုတ်လွှင့်တဲ့ ကမ္ဘာကျော် Reith Lectures အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။