သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ ပညာရေး ဝိုင်းဝန်းပံ့ပိုးဖို့ ဒေါ်စုတိုက်တွန်း


မြန်မာလူငယ်တွေ ပညာရေး ဝိုင်းဝန်းပံ့ပိုးဖို့ ဒေါ်စုတိုက်တွန်း
မြန်မာလူငယ်တွေ ပညာရေး ဝိုင်းဝန်းပံ့ပိုးဖို့ ဒေါ်စုတိုက်တွန်း

ဒီမိုကရေစနစ် ဆိုတာဟာ ပြည်သူလူထုအပေါ် ယုံကြည်မှုထားခြင်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံ အချို့က ကျောင်းသားလူငယ် ၄၀၀ ကျော်ကို အင်တာနက် ဗွီဒီယိုကဆင့် တိုက်ရိုက် အမေးအဖြေ လုပ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတာပါ။ အမေရိကန် ပြည်ထောင်စုအတွင်း စာသင်ကြားခွင့်ရတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့လည်း မြန်မာနိုင်ငံထဲက လူငယ်တွေရဲ့ ပညာရေးအတွက် ပြန်ပြီး လှည့်ကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးတော့ လုပ်တဲ့ အဲဒီ ဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းဆောင်ထဲမှာပဲ မတ်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တာပါ။ တနာရီနီးပါးကြာတဲ့ အဲဒီဆွေးနွေးပွဲအတွင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို သိရှိ နားလည်အောင် ကြိုးစားပေးကြဖို့လည်း ကျောင်းသားလူငယ်တွေကို တိုက်တွန်းသွားပါတယ်။

“ပထမဆုံးက မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို သတိပြု သတိထား စောင့်ကြည့်ကြဖို့ပါ။ ဒုတိယအနေနဲ့တော့ မြန်မာနိုင်ငံမှာ ဘာကြောင့် ဒီမိုကရေစီ ရချင်သလဲ ဆိုတာကို သိအောင်လုပ်ဖို့ပါ။ ဒီမိုကရေစီဆိုတာ လောကနိဗ္ဗာန် မဟုတ်ပါဘူး။ ဒါကို အမေရိကန်က လူတွေကတော့ သိပြီးဖြစ်မှာပါ။ ဒီမိုကရေစီဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာ၊ ကိုယ်ရင်ဆိုင်နေရတဲ့ ကိစ္စမျိုးတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။

“ဘယ်လိုစိန်ခေါ်ချက်တွေကို မဆို ရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရဖို့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို လိုလားကြတာ ဖြစ်ပါတယ်။ လွတ်လပ်မှု အတိုင်းအတာ တစုံတရာနဲ့ အသိဉာဏ် ပိုင်ဆိုင်မှု ရှိထားမှ ဒီစိန်ခေါ်ချက်တွေကို ကိုယ်တိုင် ဖြေရှင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူထုက သူတို့အနေနဲ့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကို လိုချင်တယ်၊ ဘယ်လို တိုင်းပြည်မျိုး လိုချင်တယ် ဆိုတာမျိုးတွေနဲ့ အဲဒီအတွက် သူတို့ ဘာတွေလုပ်နေကြတယ် ဆိုတာမျိုးကို အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေက လူငယ်တွေ သိစေချင်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ လူငယ်တွေကို အဓိက အားထားပြီး ပြည်သူ့ကွန်ရက် တည်ဆောက်နေတဲ့ ရည်ရွယ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသေအချာ ရှင်းပြသွားပါတယ်။ မိမိရဲ့ လူ့အသိုင်းအဝိုင်းကို ပြောင်းလဲချင်စိတ်ဖြစ်အောင် အရင်ဆုံး စလုပ်ရမှာဖြစ်ပြီး ဒီ့အတွက် အခွင့်အလမ်း လိုအပ်ချက်ဟာ ဒီမိုကရေစီပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထုကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထု ကိစ္စက အရင်ကျပါတယ်။ ဒုတိယကျမှ ဒီမိုကရေစီပါ။ ဒါကြောင့်လည်း ဒီမိုကရေစီအတွက် ပြည်သူ့ကွန်ရက်တရပ် ထူထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ၊ ဒါကို ပြည်သူတွေ နားလည်အောင် လုပ်နိုင်ဖို့ပါ။

“ဒီတော့ ပြည်သူလူထု အနေနဲ့ ကနဦးအဆင့် သူ့ လူ့အသိုင်းအဝိုင်း အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာအောင် စတင်လုပ်ကြရပါမယ်။ အဲဒီကနေ နောက်တဆင့် လွတ်လပ်မှုတွေ ရှိလာဖို့နဲ့ အပြောင်းအလဲအတွက် အခွင့်အလမ်း ကိစ္စတွေကို ရှာဖွေရပါမယ်။”

အခုဆွေးနွေးပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အချို့နဲ့ ဘာကလေ တက္ကသိုလ်မှာ စာသင်ကြားနေတဲ့ မြန်မာလူငယ် အချို့လည်း တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးခွန်းတွေ ကိုယ်တိုင် ထုတ်ခဲ့ကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက လူငယ်တွေရဲ့ အခြေအနေကို မမေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“ဒီလိုတိုင်းပြည်မျိုးမှာ ကြီးပြင်းခွင့်ရတာ ဒီအတွေ့အကြုံတွေနဲ့ ကိုယ့်ဘဝကို ရင့်ကျက်စေပါတယ်။ ဒီလိုတိုင်းပြည်တွေမှာ ကြီးပြင်းနေထိုင်ခွင့် ရတဲ့အတွက် အဲဒီတိုင်းပြည်တွေကိုလည်း သစ္စာရှိရပါမယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကိုလည်း မမေ့စေချင်ပါဘူး။ မြန်မာပြည်သူတွေရဲ့ ပညာရေးနဲ့ လူမှုဘ၀ တိုးတက်ရေး ကူညီနိုင်ဖို့ အတွက်လည်း ဒီလူတွေ လိုအပ်ပါတယ်။ မြန်မာပြည်က လူငယ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ လူငယ်တွေလောက် အခွင့်အလမ်းတွေ မရကြပါဘူး။

“ဒါကြောင့် မြန်မာလူငယ်တွေ ပညာရေး တိုးတက်လာဖို့အတွက် အာရုံထားပြီး အမေရိကန် ပြည်ထောင်စုရောက် မြန်မာလူငယ်တွေ လုပ်ပေးနိုင်ကြမယ်ဆိုရင် ကျမ အင်မတန် ကျေးဇူးတင်ပါတယ်။ ဥပမာ ပညာရေး ရန်ပုံငွေတရပ် ထူထောင်တာမျိုး ဖြစ်ဖြစ်ပေါ့။”

အခုဆွေးနွေးပွဲ အတွင်းမှာတော့ ကိုယ်တိုင် တက်ရောက်လာသူ ကျောင်းသားလူငယ်
၃၀၀ လောက်ရှိပြီး ဂျပန်၊ သြစတြေးလျနဲ့ ထိုင်းနိုင်ငံက ကျောင်းသား ၁၅၀ ကျော်ဟာလည်း အင်တာနက်ကတဆင့် ပါဝင်နားထောင် ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားလူငယ်တွေ ဘက်ကတော့ သူတို့အနေနဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ သူတို့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ အချို့ကိုလည်း မေးမြန်းခဲ့ကြပါတယ်။

အခုဆွေးနွေးပွဲဟာ နိုင်ငံတကာရှိ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အင်တာနက်ကတဆင့် တိုက်ရိုက် ဆွေးနွေးခွင့်ရတဲ့ ရှားရှားပါးပါး အခြေအနေတခု ဖြစ်သလို ဒီဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းသားတွေဘက်က ဦးဆောင် ကမကထ လုပ်ခဲ့တာလို့လည်း သိရပါတယ်။

XS
SM
MD
LG