သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် ပြည်သူအားလုံး ပါဝင်ကြဖို့ ဒေါ်စု တိုက်တွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူမ၏ ၆၆ နှစ်ပြည့် မွေးနေ့အခမ်းအနား တက်ရောက်ရန် NLD ရုံးချုပ်သို့ ရောက်ရှိလာစဉ်။ ဇွန် ၁၉၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သူမ၏ ၆၆ နှစ်ပြည့် မွေးနေ့အခမ်းအနား တက်ရောက်ရန် NLD ရုံးချုပ်သို့ ရောက်ရှိလာစဉ်။ ဇွန် ၁၉၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအတွက် ပြည်သူအားလုံး ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် မိန့်ခွန်းအဖြစ် ဒါကို ပြောကြားသွားတာပါ။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

ဒီနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုချင်တဲ့ မွေးနေ့ ဆုတောင်းကတော့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်လို့ ဆိုပါတယ်။ လောလောဆယ် မြန်မာနိုင်ငံ အတွင်းမှာ တကျော့ပြန် ကြားလာရတဲ့ သေနတ်သံတွေ၊ စစ်ရိပ် စစ်ငွေ့တွေကြောင့် ငြိမ်းချမ်းရေးကို အထူးအလေးထားပြီး ပြောကြားရတာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ အေးအေးဆေးဆေးနဲ့၊ သာသာယာယာနဲ့၊ ၀၀ပြောပြောနဲ့ နေနိုင်ဖို့၊ အဲဒီတော့ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့၊ သာယာဖို့ဆိုတာ ပထမဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အဲဒီတော့ ကျမရဲ့ မွေးနေ့ ဆုတောင်းကတော့ ကျမတို့အားလုံး ငြိမ်းချမ်းကြပါစေဆိုတဲ့ ဆုတောင်းပါပဲ။ အဲဒီတော့ ဒီလို ငြိမ်းချမ်းဖို့ဆိုတာ ကျမတယောက်တည်း လုပ်လို့လည်း မဖြစ်ဘူး။ ကျမတို့အဖွဲ့ တဖွဲ့တည်း လုပ်လို့လည်း မဖြစ်ပါဘူး။ အားလုံးက ဝိုင်းပြီး လုပ်ပေးမှ ဖြစ်မှာပါ။ အဲဒါကြောင့် ကျမတို့နိုင်ငံမှာ ပထမဦးဆုံး အနေနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”

ဒါဟာ ဆယ်စုနှစ်နီးပါး အချိန်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပထမဆုံး လွတ်လွတ်လပ်လပ် ဆင်နွှဲရတဲ့ မွေးနေ့ပွဲလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မွေးနေ့ပွဲကို ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ နေရာမှာ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေက သံတမန်တွေ၊ ဧည့်ပရိသတ် ၆၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မမျှော်လင့်ဘဲ ဒီနေ့ဟာ ဗုဒ္ဓဘာသာရဲ့ အထွတ်အမြတ်နေ့ ဖြစ်တဲ့ မဟာသမယနေ့ အချိန်အခါနဲ့ တိုက်ဆိုင်နေပါတယ်။ ရန်ငြိုးရန်စတွေ ပြေပျောက်စေဖို့ ရည်ရွယ်ပြီး မြတ်စွာဘုရားက တရားဟောကြားခဲ့တဲ့နေ့ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ ထူးခြားမှု ရှိပါတယ်လို့လည်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုပါတယ်။

“အားလုံး သဟဇာတဖြစ်ရေး တရား၊ အချင်းချင်း ညီညွတ်ရေးတရား၊ နောက်ဆုံး ရန်ငြိုးဖွဲ့တာတွေကို ဖျောက်ဖျက်ပြီးတဲ့နောက် အချင်းချင်း ပြေလည်အောင် ရေပေါ်မှာ အကြောင်းပြုပြီးတော့ နှစ်ဘက်သော ဆွေမျိုးသားချင်းတွေရဲ့ အေးချမ်း၊ ငြိမ်းချမ်းသွားအောင် ဖြေရှင်းပေးတဲ့ တရား၊ အဲဒါကို ဟောကြားတဲ့နေ့နဲ့ တိုက်ဆိုင်လာလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဟာ ပိုမိုပြီး ထူးခြားတဲ့နေ့လို့ ကျနော် ထပ်မံပြီး အလေးအနက် မှတ်တမ်းတင် ပြောကြားပါရစေ။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခါသမယ ၁၅ ကြိမ် တိတိကို နေအိမ်အကျယ်ချုပ် နေထိုင်ရင်းနဲ့ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ NLD ရုံးချုပ်မှာ မွေးနေ့ပွဲ ကျင်းပတဲ့နည်းတူ မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံတကာမှာလည်း မွေးနေ့ပွဲ အခမ်းအနားတွေ ကျင်းပကြသလို ဒီကနေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသမီးများနေ့ အခမ်းအနားတွေကိုလည်း ပြည်တွင်း ပြည်ပ နေရာအနှံ့မှာ ကျင်းပကြပါတယ်။

ငြိမ်းချမ်းရေးစကားနဲ့ တိုက်ဆိုင်ပြီး စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဖြစ်ပြီဆိုတိုင်း အတိဒုက္ခ ရောက်ကြတာကလည်း အမျိုးသမီးတွေက ထိပ်ဆုံးက ပါပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“စစ်တွေဖြစ်ပြီ၊ အကြမ်းဖက်မှုတွေ ဖြစ်ပြီဆိုရင် ပထမဦးဆုံး၊ အများဆုံး ဒဏ်ခံရတာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်ဆိုတာ အားလုံး၊ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ အချက်တခု ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက ပိုပြီးတော့ ငြိမ်းချမ်းရေးဘက်ကို အားသန်တယ်။ ငြိမ်းချမ်းရေး ဘယ်လောက် လိုလားတယ်၊ ဘယ်လောက် လိုအပ်တယ် ဆိုတာလည်း ကောင်းကောင်း နားလည်ကြပါတယ်။”

ရခိုင်အမျိုးသမီးများ အဖွဲ့က ရခိုင်ပြည်နယ် အတွင်းမှာ မြို့နယ် ၆ မြို့နယ် ဖြစ်ကြတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မောင်းတော၊ မြောက်ဦး၊ စစ်တွေ စတဲ့မြို့တွေမှာ အမျိုးသမီးများနေ့ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။ အဲဒီလို အခမ်းအနားတွေ ကျင်းပဖို့ ဦးဆောင် စီစဉ်ထားသူတွေထဲက တဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းက တိုင်းရင်းသားတွေရဲ့ ဆန္ဒ ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“တခြားအမျိုးသမီးတွေမှာရှိတဲ့ တဦးချင်း စိတ်ဓာတ်တွေကို ကျမတို့က ပြည်သူတွေကို သိစေချင်တယ်။ အဲဒီအကြောင်းတွေကို ကျမတို့ ဆွေးနွေးတယ်။ အခုထိ ကျမတို့ တိုင်းပြည်က အစိုးရသစ်တွေ တက်လာပေမဲ့ ငြိမ်းချမ်းရေးနဲ့ ပိုဝေးလာတယ်။ နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုင်းရင်းသားတွေကို တန်းတူ မဆက်ဆံတဲ့အပြင် လက်နက်နဲ့ အပြတ်နှိမ်နင်းတဲ့ သဘောထား ဖြစ်နေတယ်။ စစ်အစိုးရဆိုတာ ပေါ်လွင်နေတယ်ဆိုတာ သိစေချင်ပါတယ်။”

ဒီကနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၆၆ နှစ် မွေးနေ့မှာ ပျော်ရွှင်စရာကောင်းမယ့် လက်ဆောင်တခုကတော့ ဒီနေ့မနက် ၉ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် မောင်ထိန်လင်း ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

XS
SM
MD
LG