သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောမည်


၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပကို ခရီးထွက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် ၂ ရပ်ပေါင်း ဗြိတိန်ပါလီမန်မှာ သမိုင်းဝင် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ဧပြီလတုန်းက ဝန်ကြီးချုပ် David Cameron မြန်မာနိုင်ငံကို သွားခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ကိုလာဖို့ ဖိတ်ခေါ်ခဲ့တာပါ။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းထားတဲ့ ဗြိတိန် ပါလီမန်မှာ ရှားရှားပါးပါး စကားပြောခွင့်ပေးပြီး ဂုဏ်ပြုမှာဖြစ်ပါတယ်။

ဇွန်လ ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို ရောက်လာမှာဖြစ်ပြီး Oxford တက္ကသိုလ်ကပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း သွားရောက် လက်ခံယူမယ်လို့ ခန့်မှန်းရပါတယ်။ သီတင်းတပတ်ကြာမယ့် ဥရောပခရီးစဉ်အတွင်း နော်ဝေးနဲ့ အိုင်ယာလန် နိုင်ငံတွေဆီကိုလည်း သွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံ ပြန်မလာခင်က ဗြိတိန်နိုင်ငံ Oxford မြို့မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးလောက် အာဏာရှင် စစ်အုပ်ချုပ်မှု အောက်မှာရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ သိသိသာသာပြောင်းလဲမှုတွေ ဖြစ်လာနေချိန်မှာ ခုလို ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးထွက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ဘဏ္ဍာရေးအရ အရေးယူဒဏ်ခတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုကလည်း အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ် ဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လဲ Derek Mitchell ကို ခန့်ထားဖို့အတွက် သမ္မတ အိုဘားမားက အဆိုပြုထားပါတယ်။

XS
SM
MD
LG