မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက် ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ် ပြန်လည် နိုးထလာဖို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုရေး ကွန်ယက်ကြီးတရပ် ထူထောင်ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ကြိုးပမ်းချက်တွေအတွက် ထောက်ခံ အားပေးတဲ့ ပြည်တွင်းပြည်ပ အစိုးရတွေ အဖွဲ့အစည်းတွေ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြပါတယ်။ လာမယ့် နှစ်မှာလည်း ခွန်သစ် အားသစ် လုပ်ငန်းပုံစံသစ်နဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက် သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဗွီအိုအေ မြန်မာပိုင်းကတဆင့် နှစ်သစ် နှုတ်ခွန်းဆက် ပြောကြား ထားပါတယ်။
“နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျမ၏ နိုင်ငံရေးဘ၀ဖြတ်သန်းမှုကို ပြန်လည် သုံးသပ် ကြည့်သောအခါ ပြည်သူလူထု၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ နေအိမ် အကျယ်ချုပ် ကျခံနေရသည့်ကာလ၊ ပြန်လည်လွတ်မြောက် လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင် ရပါသည်။ ယင်းကာလ သုံးပါးစလုံးတွင် ကျမအတွက်လည်းကောင်း၊ ကျမ၏ ရည်မှန်းချက်များအတွက် လည်းကောင်း၊ ကျမ၏ ကြိုးပမ်းဆောင်ရွက်မှုများ အတွက်လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများ ရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်များ အပါအ၀င် ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စသည်စသည် ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျမတို့ တိုင်းရင်းသားပြည်သူများ ပါဝင်ကြပါသည်။ ထိုသူများ၏ ကာယကံ အားဖြင့်၊ ၀စီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်းကူညီခဲ့မှုများအတွက် ကျမက အထူးတလည် ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း အလေးအနက် ဖော်ပြအက်ပါသည်။ အထူးအားဖြင့် ယခုတကြိမ် ပြန်ရောက်လာ ရာတွင် ပိုမိုတက်ကြွနေသော ကျမတို့ လူငယ်များ အပါအ၀င် ပြည်သူများက အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင်း ကျမ အလွန်ဝမ်းမြောက် ကြည်နူးရပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်မှုရရှိရေး၊ စစ်မှန်သော ပြည်ထောင်စု စိတ်ဓါတ် တဖန် နိုးထရှင်သန်လာရေးတို့အတွက် ပြည်သူ့နိုင်ငံရေး ကွန်ယက်ကြီး တရပ် ထူထောင်ခြင်းဖြင့် ကျမတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမည်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်း ပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူ အားလုံး လက်တွဲလုပ်ဆောင်ကြပါစို့လို့ နှိုးဆော်ရင်း နုတ်ခွန်း ဆက်သ လိုက်ပါသည်။ ဒီမိုကရေစီရေး မုချ အောင်မြင်ရမည်။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗွီအိုအေ မြန်မာပိုင်းကနေတဆင့် နှစ်သစ် နှုတ်ခွန်း ဆက်သခဲ့တာ ဖြစ်ပါတယ်။