သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ


ဒေါ်စု သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ
ဒေါ်စု သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ တွေ့ဆုံတာဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းရဲ့ ခြေလှမ်းအစဖြစ်တယ်လို့ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ NLD ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့ နေပြည်တော်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မွန်းလွဲပိုင်းကပဲ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

နေပြည်တော်ကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ဒီကနေ့ သြဂုတ်လ ၁၉ ရက် သောကြာနေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာရှိတဲ့ နိုင်ငံတော်ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမတိုင်ခင် အခု ခေါင်းဆောင်နှစ်ဦးတွေ့ဆုံကြတာ ဖြစ်ပြီး ဘယ်လိုအကြောင်းအရာတွေ ပြောဆိုဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ အခုတွေ့ကြတာဟာ အားလုံးတောင်းဆိုနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းရဲ့ ခြေလှမ်းအစဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။

“နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းပေါ်မှာ ခြေလှမ်းစနေပြီလို့ ကျနော်တို့ ယူဆရတယ်။ ဆက်လက်ပြီးတော့ ဒီခြေလှမ်းတွေဟာ ဆက် လှမ်းသွားရမှာပဲ။ အဲဒီ သမ္မတနဲ့တွေ့ဆုံခြင်းဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲလမ်းကြောင်းရဲ့ အစိတ်အပိုင်း တပိုင်းဖြစ်တယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ အဲဒီတော့ ကျနော်တို့ ယူဆတာကတော့ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက်ကို ကျနော်တို့က ကြိုးပမ်းနေတာ။ အဲဒီလိုကြိုးပမ်းနေတော့ ကျနော်တို့က အဲဒီကြိုးပမ်းခြင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ သူတို့ကတော့ ဒီလိုတွေ့ဆုံခြင်းဟာ သူတို့ရဲ့ နိုင်ငံရေးအစိတ်အပိုင်း တပိုင်းဖြစ်တယ်လို့ဆိုရင် အဲဒါ သူတို့ရဲ့ကိစ္စပဲ။ ကျနော်တို့နဲ့ သိပ်မဆိုင်ဘူး။ ကျနော်တို့ကတော့ အကျဉ်းသားများ လွှတ်ပေးမယ်ဆိုရင် ဒါဟာ ကောင်းတယ်လို့ ကျနော်ကထင်တယ်။ ဆိုပါတော့ တိုင်းရင်းသားများနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကြဖို့အတွက် ညှိနှိုင်းမယ်။ ဒါလဲ ကောင်းတာပဲလို့ ယူဆပါတယ်။ အလားတူပဲ ပြည်တွင်းမှာရှိနေတဲ့ လယ်သမားကိစ္စတို့ ဘာတို့နဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်လဲ ကောင်းတယ်လို့ ယူဆတယ်။ အဲဒါတွေက ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အစိတ်အပိုင်း တပိုင်းစီကိစ္စတွေဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ဒီလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေ စပေါ်လာတာဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်တွေ့ဆုံမှုတွေရဲ့ နောက်ဆက်တွဲ အောင်မြင်လာတဲ့ အစိတ်အပိုင်းဖြစ်တယ် လို့လည်း ဦးဝင်းတင်က မြင်ပါတယ်။

“ဦးအောင်ကြည်က တွေ့ဆုံဆွေးနွေးပွဲတွေ ဆိုတာတွေ လုပ်တယ်ဆိုတဲ့သဘောမျိုးနဲ့ လုပ်ခဲ့တာ ၁၀ ကြိမ်လုပ်ခဲ့တယ်။ အဲဒီ ၁၀ ကြိမ်မှာ ဦးသန်းရွှေဆီက ပြောလိုက်တဲ့ မှာလိုက်တဲ့စကားတွေကို ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့တယ်၊ ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကို ပြန်ပို့ ဆိုတာလောက်ပဲ လုပ်နေတာဖြစ်တယ်။ ဆက်လက်ပြီးတော့ တွေ့ဆုံမှုတွေ ဆက်လုပ်သွားမယ်ဆိုတဲ့ အစီအစဉ်တိုင်းမှာ အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဒါကတခုပေါ့။ တတိယတချက် ကျနော်ပြောချင်တာကတော့ သူတို့ အခုဇူလိုင် ဆွေးနွေးပွဲလုပ်နေတဲ့ ပညာသည်များ ဆွေးနွေးပွဲပေါ့ဗျာ။ ဒီဆွေးနွေးပွဲမျိုးကို ဒေါ်အောင်ဆန်းစုကြည် တက်တယ်ဆိုတာက ဘာနဲ့တူလဲဆိုတော့ ဆွစ်ဇာလန်နိုင်ငံမှာလုပ်တဲ့ ဒါးဗို့စ် ညီလာခံလိုဟာမျိုး လိုပဲ။ ဒါးဗို့စ်ညီလာခံမှာ ကမ္ဘာကျော်ပုဂ္ဂိုလ်ပေါင်း ထောင်နဲ့ချီပြီးတော့ တက်ရောက်ကြတယ်။ အဲဒီတက်ရောက်ကြတဲ့ပွဲမှာ လူတိုင်းဟာ ပရိဿတ် ၂,၀၀၀ လောက် တက်တဲ့ပွဲမှာ ၂,၀၀၀ စလုံးနဲ့တွေ့ဆုံနေတာ မဟုတ်ဘူး။ သူတို့တွေ့ချင်တဲ့လူနဲ့ တွေ့ဖို့က အဓိကဖြစ်တယ်။ ကျန်တဲ့သူတွေနဲ့ ဟလိုလုပ်တာကတော့ ဒုတိယတချက်ပေါ့ဗျာ။ အဲဒါကို ကျနော်ထင်တယ်၊ ဒီဟာ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခြင်းရဲ့ ပထမ အဓိကကိစ္စဖြစ်တယ်။ ဒုတိယကိစ္စကျမှ ဆွေးနွေးပွဲမှာ တက်ရောက်ပါဝင်ခြင်း ဆိုတာ ဒုတိယအဆင့်ဖြစ်တယ်လို့ ကျနော်တို့ အဲဒီလိုပဲပြောချင်ပါတယ်။”

NLD ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ တကယ်တော့ NLD ပါတီဟာ ဒီလို တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းပေါ် အစဉ်တစိုက် တောင်းဆိုလာခဲ့တာဖြစ်သလို အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ကြတယ်ဆိုတဲ့ မြင်ကွင်းဟာလည်း ပြည်တွင်းပြည်ပနဲ့ ဒီမိုကရေစီရေးအင်အားစု အားလုံး မျှော်လင့်နေတဲ့ မြင်ကွင်းတခု ဖြစ်တယ်လု့ိ စာရေးဆရာမောင်ဝံသက ဆိုပါတယ်။

“အရင် စကားမပြောနိုင်ဘဲဖြစ်နေတဲ့ အခြေအနေကနေပြီးတော့ အခုစကားပြောကြတယ်။ အခုအချိန်ကျတော့ တွေ့ဆုံတဲ့အဆင့်တော့ ရှိသွားပြီပေါ့။ တွေ့ဆုံတာကနေ နောက်ပိုင်းမှာ ဆွေးနွေးတဲ့အဆင့်ကို ရောက်သွားတယ်လို့ အဲဒီလို မျှော်လင့်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က တိုင်းပြည်ရဲ့ လက်ငင်းပြဿနာတွေကို သူ ပြောဖို့ဆိုဖို့ အခွင့်အရေးရှိမယ်၊ အခွင့်အလမ်းရှိမယ် ဆိုလို့ရှိရင် သူဟာ နိုင်ငံရေးအကျဉ်းသားတွေ ပြဿနာကို ပထမဦးဆုံး ပြောလိမ့်မယ်လို့ ကျနော်တို့က အဲဒီလိုထင်ပါတယ်။ ပုဂ္ဂိုလ်အရပေါ့လေ ရင်းရင်းနှီးနှီး တွေ့ဆုံတာကစပြီးတော့ နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေအထိ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်စရာအကြောင်းတွေ ရှိပါတယ်။”

စာရေးဆရာမောင်ဝံသ ပြောပြခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်နေအိမ်ကနေ အစိုးရစီစဉ်ပေးတဲ့ကားနဲ့ နေပြည်တော်ကို ထွက်လာခဲ့တာ ဖြစ်ပြီး နေ့လည် ၁ နာရီကျော်မှာ နေပြည်တော်ကို ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စတင်ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲကို အခုချိန်ထိ မတက်သေးပေမဲ့ မနက်ဖြန်မှာ ဒီဆွေးနွေးပွဲကို တက်လာနိုင်တယ်လို့လည်း သတင်းသမားတွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG