သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ သတ္တိရှိရှိ မဲပေးဖို့ ဒေါ်စု တိုက်တွန်း


ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ကြဘဲ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ဆန္ဒအတိုင်း မဲပေးကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်း မြို့ နယ်ကို ရွေးကောက်ပွဲစည်းရုံးရေးအဖြစ် ဒီကနေ့ မတ်လ ၂၁ ရက်နေ့က သွားရောက်စဉ်အတွင်း လူထုကိုပြောတဲ့ မိန့်ခွန်းထဲ အခုလို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒဂုံဆိပ်ကမ်း စည်းရုံးရေး ခရီးစဉ် ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် ဒေါ်အောင် ဆန်းစုကြည် သွားတဲ့လမ်းတလျှောက် လူထုဟာ တိုးမပေါက်အောင် ကြိုဆိုကြတာမို့ သတ်မှတ်ထားတဲ့အချိန် ထက် နောက်ကျပြီးမှ လူထုကို စကားပြောဖို့ စီစဉ်ထားတဲ့နေရာ ရောက်ခဲ့ပါတယ်။

ကွင်းလုံးပြည့် စောင့်နေကြတဲ့ လူထုကို ဒေါ်အောင်ဆန်းစုကြည်က ဒဂုံဆိပ်ကမ်း၊ မဲဆန္ဒနယ်ထဲမှာ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင်နဲ့ လူထုကို မိတ်ဆက်ပေးပါတယ်။ ဒီ နောက်တော့ NLD ဘာကြောင့် ရွေးကောက်ပွဲဝင်ရသလဲဆိုတဲ့ သဘောထားတွေကိုလည်း ရှင်းပြခဲ့ပြီး ဘယ်သူ ဘယ်အဖွဲ့စည်းရဲ့ ခြိမ်းခြောက်မှုကိုမှ မကြောက်ဘဲ မိမိ ရွေးချယ်ချင်တဲ့သူ၊ မိမိရဲ့ သဘောဆန္ဒအတိုင်း မဲထည့်ဖို့ အခုလို တိုက်တွန်းပါတယ်။

“သေသေချာချာဖြည့်ပြီးမှ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ပြီးမှ ရွေးချယ်ပါ။ ကျမတို့အနေနဲ့ ကျမတို့ အဖွဲ့ချုပ် ကို မဲထည့်ပါဆိုပြီး မေတ္တာရပ်ခံတာ။ အတင်းထည့်ရမယ်လို့ မရှိပါဘူး-ဆိုတာကို မှတ်ထားဖို့။ နောက်ပြီးတော့ ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် မကြောက်ကြပါနဲ့။ ဘာပဲပြောပြော ကိုယ့်မဲကို ကိုယ်လိုချင်တာကိုယ် ထည့်လို့ရတာပဲ။ ကြိုတင်မဲဆိုတာလည်း ကိုယ်မထည့်ချင်ဘဲနဲ့ ဘယ်သူမှ အတင်းထည့်ခိုင်းလို့ မရပါဘူး ဆိုတာ သတိပေးပါရစေ။”

လူထုရဲ့ အင်အားနဲ့ ရပ်တည်ရတဲ့ ဒီမိုကရေစီနိုင်ငံရေးထဲမှာ လူထုရဲ့ထောက်ခံမှုနဲ့အတူ NLD က ရပ်တည်သွားမယ်လို့လည်း ပြောပါတယ်။

“ဒီမိုကရေစီ နိုင်ငံရေးပါတီများရဲ့ အင်အားက ပြည်သူပါ။ ပြည်သူရဲ့ ထောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အင်အားဟာ မြင်နေရတဲ့ ပြည်သူတွေနဲ့ ကျမတို့ အခု ဒီမှာ မရှိတဲ့ တနိုင်ငံလုံး တကမ္ဘာလုံးက ကျမတို့ ပြည်သူတွေ ဖြစ်ပါတယ်။ တဦးပေါ်တဦး သစ္စာရှိရှိနဲ့ လုပ်ကိုင်ရမယ်။ တဦးအပေါ်တဦး ယုံကြည်နိုင်ရမယ်။ ဒီလို စိတ်တွေနဲ့ သွားမှသာ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျမတို့ နိုင်ငံမှာ ခိုင်မြဲအောင် လုပ်ပေးနိုင်မှ ာဖြစ်ပါတယ်။”

မတ်လ ၂၁ ရက် ရန်ကုန်တိုင်း၊ ဒဂုံမြိုဆိပ်ကမ်း မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်လူထုကို ပြောခဲ့တဲ့ မိန့်ခွန်းထဲက အချက်တချို့ကို ကောက်နှုတ်ထုတ်လွင့်ပေးခဲ့တာပါရှင်။ ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ အခြေအနေတွေဟာ ပိုခက်ခဲလာတာတွေမျိုးတွေလည်း ကြုံနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲ ဆန္ဒနယ် အကုန်ကို မဲဆွယ်စည်းရုံးရေးသွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာတော့ သူကိုယ်တိုင် ဝင်ယှဉ်ပြိုင်မယ့် ကော့မှူးကို ကိုယ်စားလှယ်လောင်း စည်းရုံးရေးအဖြစ် ထပ်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“မနက်ဖြန် နေ့လည် တစ်နာရီ ကျနော်တို့ ကော့မှူးကို သွားပါမယ်။ အခုဟာက တဖြည်းဖြည်းနဲ့ ရွေးကောက်ပွဲက နီးလာလေလေ အားပေးတာ အရမ်းများတော့ ကော့မှူးမြို့ကို ရောက်အောင် တော်တော်ကြာကြာ မောင်းရမယ်ထင်ပါတယ်။ သုံးနာရီ အနည်းဆုံး မောင်းရပါလိမ့်မယ်။ အဲဒီတော့ ဟိုမှာ လေးနာရီ ကျော်လောက်ကျရင် ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးရေး နောက်ဆုံး စ မှာပါ။ အဲဒါ ပြီးလို့ရှိရင် ကျနော်တို့ ရန်ကုန်ပြန်မှာ။”

ဒါ့အပြင် လာမယ့် မတ်လ ၂၄ နဲ့ ၂၅ မှာ တနင်္သာရီတိုင်း မြိတ်မြို့ကို မဲဆွယ် စည်းရုံးရေးအတွက် ခရီးထွက်ဖို့ စီစဉ်ထားပေမယ့် အခု သွားမယ့်ရက် ကပ်ခါမှ ရေယာဉ် ငှားမရတဲ့ ပြဿနာ ရှိနေတဲ့ အကြောင်းကိုလည်း ဦးခွန်သာမြင့်က ရှင်းပြပါတယ်။ သွယ်ဝိုက်တဲ့နည်းနဲ့ ယာဉ်ပိုင်ရှင်ကို ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် မြိတ်ကျွန်းစုကို သွားမယ့် ရေယဉ်ပိုင်ရှင်တွေ မငှားရဲတာမျိုး ကြုံနေရတာလည်း ဖြစ်ပါတယ်။

“တနင်္သာရီတိုင်း သွားဖို့ကတော့ ကျနော်တို့က ဟိုမှာ တနင်္သာရီတိုင်းက လစ်လပ်တဲ့ မြို့နယ်ကိုက ကျွန်းစုမြို့နယ်ပါ။ ကျွန်းစုမြို့နယ်ဆိုတော့ ကျွန်းလေးတွေ အများကြီးရှိပါတယ်။ အဲဒီတော့ အဲဒီ ကျွန်းတွေပေါ်မှာရှိတဲ့ ရွာကြီးတွေကို လိုက်ဟောဖို့ အနည်းဆုံး ရေမိုင် ၂၅ မိုင် လောက် မောင်းနိုင်တဲ့ ယာဉ် လိုပါတယ်။ အဲဒီ ယာဉ်တွေလည်း တနင်္သာရီတိုင်းမှာ အများကြီး ရှိပါတယ်။ အဲဒါကို စီစဉ်ပြီးတော့ ပြန်လာတာ။ ကျနော်တို့လာခါ နီးမှ ကပ်ပြီးတော့ အရင် ကျနော်တို့ ငှားထာတဲ့ ရေ ယာဉ်က မငှားတော့ပါဘူး။”

ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း သွားဖို့ခရီးစဉ်အတွင်း အခက်အခဲတချို့ ကြုံနေရတဲ့ အကြောင်း ဦးခွန်သာမြင့် ပြောပြခဲ့တာပါ။ ဒီလို အခြေအနေနဲ့ အခက်အခဲတွေအပြင် မဲဆန္ဒရှင်တွေရဲ့ စာရင်းမှားတဲ့ ပြဿနာတွေဟာ နေရာ တော်တော် များများမှာ ကြုံနေရတယ်လို့ NLD ကပြောပါတယ်။ တခါ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ပြီး မဲဆွယ်မှုတွေ ရှိနေတယ်လို့ NLD ပါတီက ထောက်ပြနေတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG