သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအတွက် အာရှလစ်ဘရယ် ဒီမိုကရေစီဆု


အာရှနိုင်ငံတွေက လစ်ဘရယ်နဲ့ ဒီမိုကရက်များ ကောင်စီက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတရပ်ကို မနေ့က ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး လီဗာပူးမြို့မှာ ကျင်းပနေတဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ ညီလာခံ နောက်ဆုံးနေ့မှာ သီးခြား အခမ်းအနားတရပ် ကျင်းပပြီး အခုလို ဂုဏ်ပြုပွဲကို လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဆုလက်ခံယူခဲ့တဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK အဖွဲ့က နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်းက ဒီဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ အကျိုးရှိတဲ့ ဆုတဆုလို့ ပြောပါတယ်။

“ဒီဆုက Council of Asian Liberals and Democrats အဖွဲ့ကြီးက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးလိုက်ပါတယ်။ အဲဒါ တကယ့်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးဆုဟာ ပထမဆုံးဆု ဖြစ်ပါတယ်။ ပြီးတော့ ဒါလည်း ဒေါ်စုက ရသွားတယ်ဆိုတော့ မြန်မာပြည်အတွက် အင်မတန် ကောင်းပါတယ်။

“နိုင်ငံတကာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းကို လူတွေက ပိုသိလာမယ်၊ ပြီးတော့ အခု ဒီဆုကို ကြော်ငြာလုပ်တာကလည်း ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ အခုလက်ရှိ လုပ်နေတဲ့ UK ရဲ့ လစ်ဘရယ် ဒီမိုကရက် အစည်းအဝေးကြီးမှာဆိုတော့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာပြည် အကြောင်းကို ပိုသိလာမယ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း သူတို့ ပိုပြီးတော့ စိတ်ဝင်စားလာမယ်ပေါ့။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ကောင်းတယ်၊ မြန်မာပြည် တခုလုံး အတွက်လည်း ကောင်းပါတယ်။”

ဆုပေးပွဲ မတိုင်ခင်မှာလည်း အာရှဒေသတွေက တက်ရောက်လာကြတဲ့ လစ်ဘရယ်နဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေ အကြား မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာတွေ ရှိတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

“ဒီဆုပေးပွဲ မတိုင်မီမှာတော့ ကိုယ်စားလှယ်တွေ ကြားထဲမှာ မြန်မာပြည်အကြောင်း ဆွေးနွေးတာ ရှိပါတယ်။ ဥပမာ အခုလက်ရှိ နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ၊ ပြီးတော့ စစ်အာဏာရှင်တွေ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲက မြန်မာပြည်အတွက် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ပြောင်းလဲမှုတွေ မရှိနိုင်ဘူး၊ အဲဒီလိုမျိုး ဆွေးနွေးတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချတာတော့ မရှိပါဘူး။

“ပြီးတော့ ဆုပေးပွဲ အခမ်းအနားထဲမှာ ဆိုရင် ဆုပေးတဲ့ CALD ရဲ့ ကိုယ်စားလှယ် လူကြီးကတော့ မြန်မာပြည်ကို ဒီ့ထက်ပိုပြီးတော့ ထောက်ပံ့ပေးနိုင်အောင်၊ ကူညီပေးနိုင်အောင် သူ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်၊ ပြီးတော့ တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကို သူ အမြဲတမ်းပဲ Support လုပ်နေတယ်ပေါ့။ သူ့ရဲ့ပါတီလည်း မြန်မာပြည် အရေးအတွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးအတွက် သူတို့ဘက်က တတ်နိုင်သလောက် ဆက်လက်ပြီးတော့ ကူညီမယ်လို့ ပြောပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ နိုင်ငံတကာ လုပ်ငန်းတာဝန်ခံ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခမ်းအနား တက်ရောက်လာကြတဲ့ ဒီမိုကရက်နဲ့ လစ်ဘရယ် ပါတီတွေက ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေအတွက် အခုထက်ပိုပြီး ပံ့ပိုးကူညီမှုတွေ လုပ်သွားဖို့ ကြိုးစားသွားမယ့် အကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း မဇိုယာဖန်းက ပြောပြပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ ဗြိတိန် လစ်ဘရယ် ဒီမိုကရက်ပါတီ ညီလာခံ အတွင်းမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ မြန်မာစစ်အစိုးရ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) ကလည်း ပြောပါတယ်။

ဒါ့ကြောင့် စစ်အစိုးရ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံသလို အတိုက်အခံတွေ ကြိုးစားနေကြတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကိစ္စတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာကိုလည်း လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောပြခဲ့ပါတယ်။

XS
SM
MD
LG